October 4, 2024

၄.၁၀.၂၀၂၄
Written By Thandar

ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ထက် ဗီဒီယိုထုတ်လုပ်ရေးရဲ့ “အောင်မြတ်သာ” ဂမ္ဘီရဖြစ်ရပ်ဆန်းဇာတ်လမ်းတွဲ New Era Begins မိတ်ဆက်ပွဲအခမ်းအနားကို အောက်တိုဘာ ၃ရက် မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်မြို့ ပြည်လမ်းရှိ City Mall ST.John (JCGV Cinema)မှာ ကျင်းပခဲ့ပါတယ်။

“အောင်မြတ်သာရဲ့ ဂမ္ဘီရဆန်တဲ့ ဇာတ်လမ်းတွဲပြသဖို့အတွက် မီဒီယာမိတ်ဆက်တာပါ။ ကျွန်တော်က ပထမအကြိမ်ကမ်းလှမ်းချိန်မှာ ငြင်းခဲ့ဖူးပါတယ်။ ဒုတိယအကြိမ်ကမ်းလှမ်းချိန်မှာ ပြန်လက်ခံခဲ့တာပါ။ ကျွန်တော့်ပုံစံနဲ့လည်း လိုက်ဖက်တယ်ဆိုပြီး ကမ်းလှမ်းတဲ့အတွက်ရိုက်ကူးဖြစ်တာပါ။ ကျန်တဲ့ကိစ္စတွေအတွက် ဘာမှမသိပါဘူး။ နေရာဝင်ယူချင်တာလည်း မရှိပါဘူး။ ဒါ‌ပေမယ့် အရင်ရိုက်တဲ့ ကာရိုက်တာလည်းရှိဖူးတယ်။ ပရိသတ်ရှိတယ်။ အားပေးမှုလည်းရှိတယ်။ ပြီးတော့ ထပ်လုပ်ရတဲ့နေရာမှာ တာဝန်တွေ အရမ်းကြီးပါတယ်။ ဒီလိုကာရိုက်တာလည်း မရိုက်ဖူးတော့ ဘာသာရေးကိစ္စတွေသာ လုပ်တာ ဘာသာရေးပုံစံမျိုး မရိုက်ဖူးပါဘူး။ ရိုက်ပြီးတာလည်း အချိန်ကာလတစ်ခုရှိသွားပြီလည်းဖြစ်တယ်။ အပိုင်း (၁၂) ပိုင်းရိုက်ပြီးပါပြီ။ ဒီအပိုင်းတွေ ထွက်လာရင်လည်း ပရိသတ်တွေ အားပေးပါဦးလို့ ပြောချင်ပါတယ်။ ပရိသတ်တွေရဲ့ အကြံပြုမှုတွေ ဝေဖန်မှုတွေကို သိချင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း အောင်မြတ်သာရိုက်ပြီးကတည်းက ပြန်မကြည့်ရသေးပါဘူး။ဒါပထမဆုံးပြန်ကြည့်ဖြစ်တာပါ။ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်”လို့ သရုပ်ဆောင် ထွန်းကိုကိုက ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ ထုတ်လုပ်သူ ဦးဝင်းကြည်၊ ဒါရိုက်တာညိုမင်းလွင်၊ ဒါရိုက်တာ ဇော်လွင်၊ ထွန်းကိုကို၊ မင်းတော်ဝင်၊ အောင်ဆန်းမြင့် ၊ မြယာ၊ ဇာတိ၊ ဇာတ်ညွှန်းသားထိုက်နဲ့ ဝင်းမြင့်ဦး စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

“ဒီဇာတ်ကားတွေမှာ ဧည့်သည်ဒါရိုက်တာတစ်ယောက်ပါ။ ဒီကားစရိုက်ချိန်မှာ ပထမအကြိမ်ကြိမ်ပြောခဲ့သလိုပါပဲါ ထုတ်လုပ်သူက ကိုဝင်းကြည်ဖြစ်နေလို့ ဒီကားကိုရိုက်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ဒီကားရဲ့ထုတ်လုပ်သူ ကိုဝင်းကြည်မဟုတ်ဘူးဆိုရင် ကျွန်တော်ဒီနေ့၊ ဒီနေရာမှာရှိမှာမဟုတ်ပါဘူး။ ကိုဝင်းကြည်ကြောင့် ရိုက်ခဲ့တာကို အကြိမ်ကြိမ်လည်းပြောခဲ့ဖူးပါတယ်။ ကျွန်တော် ရိုက်ပေးမယ်ဆိုတဲ့ကတိအတိုင်း ၆ ပိုင်းရိုက်ပေးခဲ့ပါတယ်။ ဒီ ၆ ပိုင်းအပြီးမှာ ကျွန်တော်အောင်မြတ်သာရဲ့ ဒါရိုက်တာနေရာက နုတ်ထွက်ခဲ့ပါတယ်။ ကျန်တဲ့ ၆ပိုင်းကို ကျွန်တော်ရဲ့ကြီးကြပ်မှုနဲ့အတူ ညီလေးဇော်နိုင်က ဆက်လက်ရိုက်ကူးပါတယ်” လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်းဇေယန(ရာမည)၊ ဇာတ်ညွှန်းသားထိုက်နဲ့ ဝင်းမြင့်ဦးကရေးသားပြီး ဒါရိုက်တာ ညိုမင်းလွင်၊ ဒါရိုက်တာဇော်လွင်တို့က သ ရုပ်ဆောင် ထွန်းကိုကို၊ မြယာ၊ အောင်ဖြိုးလင်း၊ အောင်ဆန်းမြင့် အနုပညာရှင်များစွာနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။

အောင်မြတ်သာရဲ့ ဇာတ်လမ်းတွဲသစ်‌တွေကို ယနေ့ အောက်တိုဘာ ၄ ရက်ကစတင်ပြီး Shwe Stream Application ကနေ ပထမဆုံးကြည့်ရှုရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *