October 4, 2024

၃.၁၀. ၂၀၂၄
Written by Shwe Phyo

ထိုင်းအစိုးရအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေပြီး ထို့သို့ ကြိုးပမ်းနေရခြင်းကလည်း အကြောင်းသုံးချက်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် Nikorndej Plangoon က VOAthai သတင်းဌာနနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

အချက်သုံးချက်အနက် ပထမအချက်က ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၂၄၀၀ ကီလိုမီတာနယ်စပ်ချင်းထိစပ်နေသောနိုင်ငံဖြစ်ရာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများက ထိုင်းနိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်နေကြောင်း၊ ဒုတိယအချက်က အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်နေခြင်းဖြစ်ပြီး တတိယအချက်က နိုင်ငံတကာအသိုင်းအဝိုင်းအနေထားအရဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကပြောသည်။

၎င်းက “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးရမယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဟာ ထိုင်းနိုင်ငံနဲ့ ဆက်နွှယ်နေတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် မြန်မာ နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာတွေ ရှိနေပါတယ်။” ဟုပြောသည်။

ထို့အပြင် ၎င်းက “ထိုင်းနိုင်ငံဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ စေ့စပ်ဆွေးနွေးမှုတွေကို ဖုံးဖိထားတာမျိုးမရှိဘူး။အရပ်သားအစိုးရဖြစ်ဖြစ်၊ စစ်အစိုးရဖြစ်ဖြစ် ကျွန်တော်တို့ဟာ စေ့စပ်ဆွေးနွေးရမယ်။ ဘာဖြစ်လို့ လဲဆိုရင် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိတာ တွေ့မြင်လိုတယ်။ ထိုင်းနိုင်ငံဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကြားဝင်စေ့စပ်ဆွေးနွေးသွားဖို့ အဆင့်သင့်ရှိတယ်။ ဒါပေမယ့် မြန်မာဘက်ကတရားဝင် တောင်းဆိုမှုရှိလာမယ်ဆိုရင် ကြားဝင်သွားမယ်” ဟု ပြောသည်။

ထို့အပြင် ၎င်းက ထိုင်းနိုင်ငံသည် မြန်မာ့အရေးတွင်ပါဝင်နေသည့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မိတ်ဆွေဖြစ်နေခြင်းကြောင့် ကြားဝင်စေ့စပ်ဆွေးနွေးရာတွင် အဆင်ပြေနိုင်ကြောင်း၊ တရုတ်နိုင်ငံကလည်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထိုင်းအစိုးရ၏စေ့စပ်ဆွေးနွေးမှုများကို ရှင်းရှင်းလင်းလင်းဆွေးနွေးနိုင်သလို အမေရိကန်အစိုးရကလည်း ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးမှတစ်ဆင့် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထိုင်းအစိုးရနှင့် လာရောက်တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ပြောသည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထိုင်းအစိုးရက SAC နှင့်စေ့စပ်ဆွေးနွေးမှုများအပေါ် ယခင်က စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဝေဖန်ပြစ်တင်ခဲ့ဖူးကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

REF ,VOAthai

Leave a Reply

Your email address will not be published. Required fields are marked *