October 4, 2024

◾️ သန်းခေါင်စာရင်း စတင်ကောက်ယူသည့် အောက်တိုဘာ ၁ ရက်နေ့ တစ်နေ့တည်းတွင် အိမ်ထောင်စုပေါင်း ၈၈,၀၀၀ ကျော်နှင့် လူဦးရေ ၃၉၀,၀၀၀ ကျော် စာရင်းကောက်ယူခဲ့

၃. ၁၀. ၂၀၂၄
Written by Nyein Kyaw

သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်ကွက်များဖွဲ့စည်းပြီး စာရင်းကောက်သူများအား မြေပုံနှင့်တကွ တာဝန်ပေးအပ်ထားခြင်းကြောင့် သန်းခေါင်စာရင်း ကောက်ယူရန်နေရာ ကျန်ရှိရန် အခွင့်အလမ်းနည်းပါမည်ဖြစ်ပြီး ကျန်ရှိခဲ့ပါကလည်း သက်ဆိုင်ရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီများသို့ ဆက်သွယ်သတင်းပို့ပါက လာရောက်စာရင်းကောက်ယူပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယနေ့တွင် ပြန်လည်ဖြေကြားသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ခံရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးမည်မျှကို ကောက်ခံနိုင်မှုအခြေအနေနှင့် မကောက်ခံနိုင်သေးသည့် နေရာများအတွက် မည်ကဲ့သို့ ကြိုတင်ပြင်ဆင်ထားမှုများနှင့် ပတ်သက်ပြီး Myanmar Transparency News သတင်းဌာန၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဖြေကြားချက်မှာ “စာရင်းကောက်ယူဖို့ ကျန်ရှိနေတဲ့ အိမ်ထောင်စုများကိုလည်း ဆက်လက်ကောက်ယူသွားမှာ ဖြစ်ပါတယ်။ စာရင်းကောက်ယူမယ့် ရက်ကိုလည်း ကြိုတင်ပြီး အကြောင်းကြားပေးမှာဖြစ်ပါတယ်။ မထပ်/မကျန်အောင် စာရင်းကောက်ကွက်များ ဖွဲ့စည်းပြီး စာရင်းစစ်၊ စာရင်းကောက်များကို မြေပုံနှင့်တကွ တာဝန်ပေးအပ်ထားသည့်အတွက် ကျန်ရှိဖို့ အခွင့်အလမ်းနည်းပါတယ်။ ကျန်ရှိခဲ့ရင်လည်း ပြည်သူလူထုအနေနဲ့ မိမိတို့နေအိမ်ကို သန်းခေါင်စာရင်း လာရောက် မကောက်ယူပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီများသို့ ဆက်သွယ်သတင်းပေးပို့ပါက လာရောက် စာရင်းကောက်ယူမှာဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ထို့ပြင် Hotline ဖုန်းနံပါတ်များ ဖြစ်သည့် ၀၆၇-၄၃၁၀၆၄၊ ၀၆၇-၄၁၅၃၉ နှင့် ၀၆၇-၄၃၁၅၄၂ တို့ကို ဆက်သွယ်ပြီး သန်းခေါင်စာရင်းလာရောက်ကောက်ယူဖို့ အကြောင်းကြားနိုင်ကြောင်း ထည့်သွင်း ဖြေကြားထားသည်။

သန်းခေါင်စာရင်း ကောက်ခံနေသည့် ဝန်ထမ်းများအတွက် လုံခြုံရေးဆိုင်ရာ စီစဉ်ပေးထားမှုများအတွက် မေးမြန်းထားမှုအပေါ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက “စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်နဲ့ စာရင်းစစ်၊ စာရင်းကောက်များ၊ ဘေးကင်းလုံခြုံစွာနဲ့ စာရင်းကောက်ယူနိုင်ဖို့အတွက် လုံခြုံရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သန်းခေါင် စာရင်းကို နိုင်ငံတစ်ဝန်း ပြည့်ပြည့်စုံစုံ စာရင်းကောက်ယူနိုင်ဖို့ လုံခြုံရေးကန့်သတ်ချက်ရှိတဲ့ မြို့နယ်အချို့မှာလည်း လုံခြုံရေးအစီအမံများနဲ့ ရက်တိုးမြှင့်ပြီး စာရင်းကောက်ယူသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စာရင်းစစ်၊ စာရင်းကောက်များ၊ ပြည်သူလူထုအနေနဲ့ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ သန်းခေါင်စာရင်းတွင် ပူးပေါင်းပါဝင်ကြပါလို့ နှိုးဆော်အပ်ပါတယ်” ဟု ပြန်လည်ဖြေကြားထားသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့က စတင်၍ စာရင်းကောက်ယူလျက်ရှိရာ ယင်းနေ့ ညနေပိုင်းအထိ ဆာဗာသို့ ပေးပို့လာသော အချက်အလက်များအရ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အားလုံး၌ အိမ်ထောင်စုပေါင်း ၈၈,၀၀၀ ကျော်နှင့် လူဦးရေပေါင်း ၃၉၀,၀၀၀ ကျော်ကို စာရင်းကောက်ယူခဲ့ပြီးဖြစ်ကြောင်း လည်း ထည့်သွင်း ဖြေကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *