October 4, 2024

၃.၁၀. ၂၀၂၄
Written by Shwe Phyo

တောင်ကိုရီးယားနိုင်ငံက အဘွားအိုတစ်ဦးဟာ အသက် ၈၀ အရွယ်ရောက်ရှိနေချိန်မှာတောင် အလှမယ်ပြိုင်ပွဲဝင်ရောက်မယ့် အစီအစဉ်ကိုစွန့်လွှတ်ခြင်းမရှိဘဲ ကြိုးပမ်းခဲ့ရာမှာ တောင်ကိုရီးယားမယ်စကြဝဠာပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

အသက် ၈၀ အရွယ်ရှိနေပြီး လက်ရှိအချိန်မှာ မြေး ၃ ယောက်ရှိတဲ့အမျိုးသမီးကြီး ချွဲဆွန်ဟွာ (Choi Soon-hwa )ဟာ ရှေ့လထဲမှာ အသက် ၈၁ နှစ် ပြည့်တော့မှာဖြစ်ပေမယ့် တောင်ကိုရီးယားနိုင်ငံကိုယ်စားပြုပြီး မယ်ကမ္ဘာပြိုင်ပွဲဝင်ခွင့်ရရေး အိပ်မက်ကို လက်မလျှော့ခဲ့ဘဲ ကြိုးပမ်းခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

မယ်စကြဝဠာပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်နဲ့ပတ်သက်ပြီး စည်းကမ်း စည်းမျဉ်းတွေ ပြောင်းလဲခဲ့မှုနဲ့အတူ အသက်အရွယ်ကန့်သတ်ချက်ကိုလည်း ဖြေလျော့ပေးလာတဲ့အတွက် အဘွားအို ချွဲဆွန်ဟွာက မယ်စကြဝဠာပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ဒီနှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၈၀အရွယ် ချွဲဆွန်ဟွာက “အသက်ကန့်သတ် ချက် ဖြေလျှော့ပေးလိုက်တော့ ဝင်ပြိုင်ကြည့်သင့်တယ်လို့ ထင်မိပါတယ်။ နောက်တစ်ဆင့်ကိုတက်တက်၊ မ တက်တက် အဲဒီအခွင့်အရေးကိုတော့ ဖမ်းဆုပ်ဖို့ ဆန္ဒပြင်းပြခဲ့တယ်။ အပြင်ပန်း လှပဖို့ လိုသလို အတွင်းစိတ် အေးချမ်းဖို့၊ တခြားသူတွေကို လေးစားမှုရှိဖို့လည်း လိုမယ်ထင်ပါတယ်”လို့ ပြောပါတယ်။

၁၉၅၂ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ တောင်ကိုရီးယားမယ်မယ်စကြဝဠာပြိုင်ပွဲကို ဒီနှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်သူအရေအတွက်ဟာ ချွဲဆန်ဟွာအပါအဝင် အနည်းဆုံး ၃၃ ဦးရှိခဲ့ကြောင်း သိရပါတယ်။ ချွဲဆွန်ဟွာဟာ သူနာပြုဆရာမတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူဖြစ်ပြီး အသက် ၇၂ နှစ်အရွယ်တုန်းက အလုပ်လုပ်တဲ့ ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူနာတစ်ဦးက သူ့ကို မော်ဒယ်လုပ်သင့်တယ်လို့ ချီးကျူးပြောဆိုခံရပြီးနောက် ဖက်ရှင်မော်ဒယ်လောကထဲ ဝင်ရောက်ခဲ့သူဖြစ်ကြောင်းသိရပါတယ်။ ချွဲဆွန်ဟွာဟာ မော်ဒယ်သင်တန်း တက်ခဲ့ပြီးနောက် အသက် ၇၄ နှစ်အရွယ်မှာ ဆိုးလ်ဖက်ရှင်ရက်သတ္တပတ်မှာ မော်ဒယ်အဖြစ် ဝင်လျှောက်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။ အဘွားအိုချွဲဆွန်ဟွာက ဖက်ရှင်မော်ဒယ်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ပြီး Harper’s Bazaar နဲ့ Elle တို့လို မဂ္ဂဇင်းတွေ၊ တောင်ကိုရီးယား အလှကုန်အမှတ်တံဆိပ်တွေနဲ့လည်း လက်တွဲလုပ်ကိုင်ခဲ့ဖူးသူဖြစ်ကြောင်း သိရပါတယ်။

REF, odditycentral

Leave a Reply

Your email address will not be published. Required fields are marked *