October 4, 2024

၃. ၁၀. ၂၀၂၄
Written by Nay Moe

ဘုတလင်မှာ လုံခြုံရေးတပ်ဖွဲ့စစ်ကြောင်းကို PDF ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးပြီး ဗိုလ်ကြီးနှစ်ဦးပါ ၄၃ ဦး ဖမ်းဆီးခံရတယ်လို့ NUG ရဲ့ စစ်ရုံးချုပ်က ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းက ဘုတလင်ဆီပြန်လာတဲ့ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်တဲ့ ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခ တိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို စီပါရွာ‌ အနောက်တောင်ဘက်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ရာမှာ ၂၀၂၄ စက်တင်ဘာ ၃၀ နေ့လယ် ၁၂ နာရီ ၄၃ မိနစ်ကနေ ညနေ ၅ နာရီ မိနစ် ၄၀ အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ NUG စစ်ရုံးချုပ်က ဆိုပါတယ်။

တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့စစ်ကြောင်းက (၃၃) ဦး သေဆုံး(အလောင်းရ) ပြီး ဗိုလ်ကြီး (၂) ဦးပါ စစ်သုံ့ပန်း (၄၃) ဦး ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်မျိုးစုံ (၅၆) လက်၊ ခဲယမ်းမီးကျောက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပြီး လူမှုကွန်ရက်မှာလည်း လုံခြုံရေးတပ်ဖွဲ့စစ်ကြောင်း အလစ်အငိုက်ချောင်းပစ်ခံရတာ မှန်ကန်တဲ့အပြင် သုံပန်းအဖြစ် ဖမ်းဆီးခံရတဲ့သူတွေကို PDF တွေက သတ်ဖြတ်လိုက်တယ်လို့လည်း ရေးသားမှုတွေ ရှိနေပါတယ်။

ပုံစာ။ ဘုတလင်တိုက်ပွဲတွင် PDF များ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ်ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု လူမှုကွန်ရက်တွင် ဖော်ပြနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပုံရိပ်များ။

Leave a Reply

Your email address will not be published. Required fields are marked *