မျိုးဆက် /၃. ၁၀. ၂၀၂၄
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်က ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (နစကအစိုးရ) အာဏာရယူလာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း လက်နက် ကိုင်ပဋိပက္ခများ အပါအဝင် အထွေထွေပဋိပက္ခများ ပိုမိုအရှိန်ပြင်းထန်လာခဲ့ပါတယ်။
◾ မြန်မာပြည်တွင်းစစ်
နစကအစိုးရသက်တမ်းသုံးနှစ်အကြာ ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့အခြေအနေဟာ နယ်စပ်ဒေသ လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပွားနေတဲ့အဆင့်ကနေ ပြည်တွင်း စစ်ဖြစ်ပွားနေတဲ့အဆင့်အထိ ကူးပြောင်းလာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်မှာ နစကအစိုးရဘက်နဲ့ NUG ဘက်လို့ ဆန့်ကျင်ဘက် ဘက်နှစ်ဘက်တည်းရှိတဲ့ အနေအထားမျိုးမဟုတ်ဘဲ သီးခြားစီတည်ရှိနေတဲ့ဘက်အမျိုးအစားတွေကို ဘက်မျိုးစုံအဖြစ်တွေ့မြင်နေရပါတယ်။
မြန်မာနိုင်ငံ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများအတွင်း –
( ၁ ) နစကအစိုးရနှင့် မြန်မာ့တပ်မတော်
( ၂ ) မြန်မာ့တပ်မတော်၏ မဟာမိတ်များနှင့် အမျိုးသားရေးဝါဒီပြည်သူ့စစ်အဖွဲ့များ
( ၃ ) စစ်သွေးကြွအစွန်းရောက်အဖွဲ့များ၏ လုပ်ရပ်များကို မိမိနယ်မြေအလိုက် မိမိဖာသာပြန်လည်ခုခံဆန့်ကျင်တိုက်ခိုက်နေကြတဲ့ နယ်မြေဒေသန္တရအဆင့် လက်နက်ကိုင်အစုအဖွဲ့များ
( ၄ ) NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (NCA-S-EAOs) အပါအဝင် ငြိမ်းချမ်းရေးအဖွဲ့များအဖြစ် လူသိများကြတဲ့ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
( ၅ ) NUG နှင့် NUG လက်အောက်ခံ PDFs နှင့် လျှို့ဝှက်လုပ်ကြံရေး STFs အဖွဲ့များ
( ၆ ) NUG လက်အောက်ခံ မဟုတ်တဲ့ နယ်မြေခံ LDFs အဖွဲ့များနဲ့ သီးခြားလက်နက်ကိုင်အဖွဲ့များ
( ၇ ) NUG နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ သီးခြားလက်နက်ကိုင်အဖွဲ့များ
( ၈ ) NUG နဲ့ မဟာမိတ်ဖွဲ့မထားဘဲ နစကအစိုးရကို မိမိတို့ဖာသာ ပြန်လည်ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ
ဆိုတဲ့ အသေးစိတ်အချက်အလက်တွေ မတူညီကြတဲ့ ဘက်ရှစ်ဘက်လောက်အထိကို တွေ့မြင်နေရပါတယ်။
◾ နိုင်ငံရေးအရ ဖြေရှင်းရေး
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်မှာ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အတွက် နစက အစိုးရနဲ့ဆက်သွယ်ဆောင်ရွက်ဖို့ နစကအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ PDFs အဖွဲ့များကို ဖိတ်ခေါ်ကမ်းလှမ်းတဲ့ကြေညာချက်တစ်ရပ်ကို နစက အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
နစကအစိုးရက ဦးဆောင်ကျင်းပပေးမယ့် အထွေထွေရွေးကောက်ပွဲအသစ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ်နဲ့ နိုင်ငံလုံးဆိုင်ရာ လူဦးရေစာရင်း အချက်အလက်ကောက်ယူမှုလုပ်ငန်းများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစတင်ပြီး မြေပြင်မှာကွင်းဆင်းဆောင်ရွက်လာနေပြီလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံအတွင်း စစ်ပွဲကိုငြိမ်းချမ်းစေဖို့ ၊ နိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းဆီကို ပြန်လည် ဦးလှည့်နိုင်ဖို့အတွက် ဒေသအတွင်းက အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍနဲ့ အလားအလာကို ပြန်လည်စီစစ်သုံး သပ်ဖို့ လိုအပ်လာပါတယ် ။
◾ အာဆီယံတွင်း မဟာဗျူဟာ အခင်းအကျင်း
အာဆီယံနိုင်ငံများထဲမှာ မတူညီတဲ့ နိုင်ငံတကာအဆက်အစပ်များနဲ့ ကမ္ဘာ့ရေးရာ ဂိုဏ်းဂဏ ဆက်နွယ်မှုများ တည်ရှိနေကြပါတယ်။ ဗီယက်နမ်၊ ကမ္ဘောဒီး ယားနဲ့ လာအို သုံးနိုင်ငံက အစဉ်အလာအရ ရုရှားဖက်ဒရေးရှင်းနဲ့ နီးကပ်တဲ့ မိတ်ဖက်နိုင်ငံများဖြစ်ကြပြီး အဲဒီသုံးနိုင်ငံထဲက လာအိုနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုများနဲ့ ဆက်ဆံရေးများ လတ်တလောမှာ ဖွံ့ဖြိုးတိုးတက်နေကြတာဖြစ်ပါတယ်။
ဖိလစ်ပိုင် ၊ စင်္ကာပူ ၊ ဘရူနိုင်းနဲ့ ထိုင်းနိုင်ငံတို့က အစဉ်အလာအရ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေရဲ့ နီးကပ်တဲ့ မိတ်ဆွေနိုင်ငံတွေဖြစ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံက အစဉ်အလာအရ အမေရိကန်နဲ့ ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံများနဲ့ရော ၊ အစ္စလာမ္မစ်နိုင်ငံများနဲ့ပါ နီးကပ်တဲ့ဆက်ဆံရေးများရှိခဲ့ပြီး အခုအချိန်မှာတော့ တူရကီနိုင်ငံနဲ့ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ တစ်ချိန်က ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၊ တတိယကမ္ဘာနိုင်ငံများရဲ့ဂျီ – ၇၇ အဖွဲ့နဲ့အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ရဲ့အဓိကဦးဆောင်နိုင်ငံတစ်ခုဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ဩဇာခံနိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေက အင်ဒိုနီးရှားရဲ့နိုင်ငံရေးကို လွှမ်း မိုးထားကြပါတယ်။
တချိန်တည်းမှာပဲ တရုတ်နိုင်ငံကို ဝန်းပတ်ပိတ်ဆို့ထိန်းချုပ်ရေး (China Containment) အတွက် အမေရိကန်ရဲ့ အင်ဒိုပစိဖိတ်မဟာဗျူဟာနဲ့ သမုဒ္ဒရာနှစ်ခု မဟာမိတ်များ ခါးပတ်အထဲကို အင်ဒိုနီးရှား ပါဝင်လာအောင် အမေရိကန်က ဆွဲခေါ်ထားတာလည်းဖြစ်ပါတယ်။
တီမော်လက်စလေ ခေါ် အရှေ့တီမောနိုင်ငံကတော့ အင်ဒိုနီးရှားဆီကနေ ခွဲထွက်လိုက်ချိန်က စတင်ပြီး အိမ်နီး ချင်း ဩစတြေးလျနဲ့ နယူးဇီလန်တို့ရဲ့ အနီးကပ်ဩဇာလွှမ်းမိုးမှုများအပြင် ဒေသပြင်ပက ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အမာခံမဟာမိတ်နိုင်ငံအသစ်တစ်ခုလည်း ဖြစ်နေပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့အတွင်း အင်ဒိုနီးရှား အပါအဝင် အစိုးရခေါင်းဆောင် တချို့က မြန်မာ့အရေးကို ကိုင်တွယ်ချဉ်းကပ်ရေးအတွက် မူဝါဒရွေးချယ်မှုတွေကို ပြုလုပ်ကြတဲ့နေရာမှာ မြန်မာ့အရေးကို လက်တွေ့ အထမြောက်အောင်မြင်စွာဖြေရှင်းဆောင်ရွက်နိုင်တဲ့ ဒေသတွင်းရေးရာချဉ်းကပ်မှုတွေအစား သက်ဆိုင်ရာနိုင်ငံအလိုက် အစိုးရတွေ၊ ခေါင်းဆောင်တွေနဲ့ အာဏာရပါတီတွေရဲ့ ကမ္ဘာ့ရေးရာနဲ့ နိုင်ငံတကာရေးရာအဆင့်နဲ့ ဒေသတွင်းရေးရာအဆင့် မူဝါဒတွေ၊ မဟာဗျူဟာတွေ ၊ ဘက်ရွေးချယ်မှုတွေအပေါ်အခြေခံပြီး အာဆီယံပြင်ပက ကြီးမားတဲ့ နိုင်ငံတကာအဆင့် ဂိုဏ်းဂဏအုပ်စုဖွဲ့မှုတွေအကြားကနေ အကျိုးစီးပွားဘက်ရွေးချယ်မှုတွေကို ပြုလုပ်နေကြတာဖြစ်ပါတယ် ။
◾မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်
နစကအစိုးရသက်တမ်းသုံးလမပြည့်ခင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်မှာ အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ တော်မှာ ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံထိပ်သီးအထူးအစည်းဝေးမှာ မြန်မာ့အရေးဆိုင်ရာ အာဆီယံအဖွဲ့ရဲ့ ဘုံ သဘောတူညီချက် ငါးရပ်ကို ချမှတ်ခဲ့ပါတယ်။
အဲဒီဘုံသဘောတူညီချက်ငါးရပ်ကတော့ –
( ၁ ) မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ၊
( ၂) မြန်မာ့အရေး သက်ဆိုင်သူများ ပါဝင်သော အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ကြရန် ၊
( ၃ ) အာဆီယံအတွင်းရေးမှူးချုပ်၏ ပံ့ပိုးမှုဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ဦးက တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်များကို ကြားဝင်ညှိနှိုင်းပေးရန်၊
( ၄ ) အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနမှ မြန်မာနိုင်ငံသို့ လူသားချင်း စာနာမှုအကူအညီများ ပေးရန် ၊
( ၅ ) မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့်အဖွဲ့က မြန်မာနိုင်ငံသို့ သွားရောက်ပြီး အရေးသက်ဆိုင်သူ အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် –
ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
◾ အစွန်းရောက်အင်အားစုများရဲ့ တုံ့ပြန်ချက်
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ၂၀၂၁ ခုနှစ် ဧပြီလကတည်းကပဲ ပြည်တွင်း၊ ပြည်ပက အစွန်း ရောက်အင်အားစုများက ပြင်းထန်စွာ ပြန်လည်ဆန့်ကျင်ခဲ့ကြပါတယ်။ အစွန်းရောက်အင်အားစုများက နစကအစိုးရ ၊ မြန်မာ့တပ်မတော် ၊ နစကအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသူများ ၊ မြန်မာ့တပ်မတော်ရဲ့ မဟာမိတ်အဖွဲ့အစည်းများနှင့် မြန်မာအမျိုးသားရေးဝါဒီအင်အားစုများကို မြန်မာ့အရေးတွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်ခွင့်မပေးဘဲ လုံးဝဖယ်ထုတ်ထားဖို့၊ နစကအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို စစ်လက်နက်ပစ္စည်းများနဲ့ ငွေကြေးများ အကူအညီပေးဖို့ ၊ မြန်မာနိုင်ငံအတွင်းကို ပေးပို့မယ့် လူသားချင်းစာနာမှုအကူအညီမှန်သမျှကို NUG, PDFs နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ EAOs တွေကနေတစ်ဆင့်သာ ပေးပို့ဖို့ အစရှိတဲ့ တစ်ဖက်သတ် တောင်းဆိုချက်တွေကို ပြည်တွင်း ၊ ပြည်ပက အစွန်းရောက်အင်အားစုများက တောက်လျှောက် တောင်းဆိုလှုံ့ဆော်လာခဲ့ကြပါတယ်။
◾ မြန်မာ့အရေးအပေါ် အာဆီယံအဖွဲ့ဝင်များရဲ့ အနေအထား
မဆလ၊ နဝတ၊ နအဖ အစိုးရများအဆက်ဆက် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးများ အထူးကောင်းမွန်ခဲ့ကြတဲ့ စင်္ကာပူ ၊ ဘရူနိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က အခုအချိန်မှာတော့ မြန်မာနိုင်ငံနဲ့ လမ်းခွဲသွားခဲ့ကြ ပြီဖြစ်ပါတယ်။
မဆလ ၊ နဝတ ၊ နအဖ အစိုးရများလက်ထက်က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးများ သိပ်ပြီး မကောင်းမွန်ခဲ့တဲ့ ထိုင်းနိုင်ငံကတော့ အခုအချိန်မှာ မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင်တဲ့ လက်တွေ့ကျတဲ့ မူဝါဒများနဲ့အတူ နှစ်နိုင်ငံဆက်ဆံရေးများ လတ်တလောမှာ ကောင်းမွန်နေပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း ထိုင်းနိုင်ငံနဲ့ ထိုင်းလူ့အဖွဲ့အစည်းအပေါ် အစဉ်အလာအရ ဩဇာလွှမ်းမိုးမှုများ နက်ရှိုင်းစွာကြီးမားလွန်းတဲ့ အမေရိကန်၊ ဗြိတိန်၊ပြင်သစ်၊ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ မြန်မာ့အရေးဆိုင်ရာ ဖိအားပေးချက်တွေကိုလည်း ထိုင်းအစိုးရက တစ်ဖက်ကနေ တတ်နိုင်သမျှလိုက်လျော ဆောင်ရွက်ပေးနေရတာလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်ကတော့ အာဏာရလာတဲ့ ပါတီအလိုက် ၊ အစိုးရအလိုက် မြန်မာ့အရေးအပေါ် မူဝါဒအပြောင်းအလဲ အနည်းငယ်သာရှိပြီး အခြေခံအားဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ အနီးကပ်ဩဇာလွှမ်းမိုးမှုအတွင်းကနေသာ မြန်မာ့အရေးကို မူဝါဒတုံ့ပြန်မှုများသာ ရှိခဲ့ပါတယ်။
အရှေ့တီမောကတော့ အနောက်အုပ်စုရဲ့ အမာခံနိုင်ငံဖြစ်ပြီး အခုအချိန်အထိ NUG အစိုးရကို တရားဝင်အသိအမှတ် ပြုထားတဲ့ တစ်ခုတည်းသောနိုင်ငံလည်းဖြစ်ပါတယ်။
◾ အာဆီယံ အလှည့်ကျဥက္ကဋ္ဌများ
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးအတွင်း မြန်မာ့အရေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူသုံးနိုင်ငံက ပူးတွဲကိုင်တွယ် ဖြေရှင်းမယ့်အစီအစဉ်တစ်ခုကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီက အဆိုပြုကမ်းလှမ်းခဲ့ပါတယ်။
အစီအစဉ်အရ အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံ ဆိုတာမှာ ပြီးခဲ့တဲ့နှစ်အတွက် အလှည့်ကျဥက္ကဋ္ဌဟောင်း၊ အခုနှစ်အတွက် လက်ရှိအလှည့်ကျဥက္ကဋ္ဌနဲ့ လာမယ့်နှစ်အတွက် အလှည့်ကျမယ့် လျာထားဥက္ကဋ္ဌလောင်းတို့က မြန်မာ့အရေး ဆွေးနွေးညှိနှိုင်းမှုများ၊ သံတမန်ရေးရာနဲ့ နိုင်ငံရေးရာ လုပ်ငန်းများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားဖို့ ကမ်းလှမ်းချက်လည်းဖြစ်ပါတယ်။
အဖွဲ့ဝင်နိုင်ငံများရဲ့အစိုးရအဖွဲ့အကြီးအကဲများ(Head of Government)က အာဆီယံအဖွဲ့ရဲ့အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တစ်နှစ်တစ်ကြိမ် အလှည့်ကျတာဝန်ယူရတဲ့စနစ်အရ ၂၀၂၁ ခုနှစ်အတွက် ဘရူနိုင်း၊ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘောဒီးယား ၊ ၂၀၂၃ ခုနှစ်အတွက် အင်ဒိုနီးရှားတို့က အလှည့်ကျဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ကြပြီး အခု ၂၀၂၄ ခုနှစ်အတွက် လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။
အင်ဒိုနီးရှားက ကမ်းလှမ်းအဆိုပြုခဲ့တဲ့အစီအစဉ်အတိုင်းဆိုရင် အခု ၂၀၂၄ ခုနှစ်အတွက် မြန်မာ့အရေးဆိုင်ရာ အာဆီယံလုပ်ငန်းစဉ်များကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ရဲ့ အလှည့်ကျဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှား၊ အခု ၂၀၂၄ ခုနှစ်ရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံနဲ့ လာမယ့် ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌအသစ်ဖြစ်လာမယ့် မလေးရှားတို့က သုံးနိုင်ငံ ပူးတွဲညှိနှိုင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
ဒါပေမဲ့ လာအိုနိုင်ငံမှာ ရုရှားရဲ့လေတပ်အခြေစိုက်စခန်းကြီးတစ်ခုဖွင့်လှစ်ထားလို့ စီးပွားရေး၊ ဖွံ့ဖြိုးရေးနဲ့ အခြေခံအဆောက်အအုံပိုင်းရေးရာတွေမှာလည်း တရုတ်နိုင်ငံနဲ့ နီးကပ်စွာပူးပေါင်းဆောင်ရွက်နေပြီး ကွန်မြူနစ်ပါတီ တစ်ရပ်က အုပ်ချုပ်နေတဲ့နိုင်ငံတစ်ခုဖြစ်နေတဲ့အတွက် လာအိုနိုင်ငံကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မနှစ်သက်ကြပါဘူး။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ သက်တမ်းအတွင်း မြန်မာ့အရေးအပေါ် လက်တွေ့ကျပြီး အမှန်တကယ် အကောင်အထည်ဖော်နိုင်စွမ်းရှိတဲ့ ၊ အပြုသဘောဆောင်တဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာအောင် လာအိုနိုင်ငံက အထမြောက်အောင်မြင်စွာ ပါဝင်ဖြည့်ဆည်းဆောင်ရွက်လိုက်တာမျိုး ဖြစ်ပေါ်လာမှာကိုလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မလိုလားကြပါဘူး။
အဲဒိအစား မြန်မာ့အရေးအပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ ပါဝင်ဆောင်ရွက်ခွင့်ကို ဘေးဖယ် ထုတ်ထားလိုက်ပြီး လာအိုနိုင်ငံ မပါဝင်တဲ့ မြန်မာ့အရေး ညိနှိုင်းဆွေးနွေးမှုတွေကို မိမိတို့ရဲ့ ဒေသတွင်း အမာ ခံ မဟာမိတ်နိုင်ငံတွေနဲ့ တစ်ဖက်သတ် စီမံဆောင်ရွက်ကြဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကန့်လန့်ကာ နောက်ကွယ်ကနေ သိုင်းဝိုင်းစီစဉ်လာခဲ့ကြပါတယ်။
◾မြန်မာ့အရေး အင်ဒိုနီးရှားရဲ့ တစ်ဖက်သတ်အစည်းအဝေး
အခုလ အောက်တိုဘာ ၄ ရက်၊ သောကြာနေ့နဲ့ အောက်တိုဘာ ၅ ရက်၊ စနေနေ့တွေမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ” မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်များ ပူးတွဲညှိနှိုင်းမှု ကော်မတီ ” ရဲ့ အစည်းအဝေး တစ်ခုကို ကျင်းပမယ်လို့ သတင်းတွေ ထွက်လာနေပါတယ်။
အစည်းအဝေးကို အိမ်ရှင် အင်ဒိုနီးရှား ၊ အာဆီယံ ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ မလေးရှား၊ ထိုင်းနိုင်ငံနဲ့ ဂျပန်တို့ရဲ့ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်များနဲ့ အစည်းအဝေး ကျင်းပမှာဖြစ်တယ်လို့ ဆိုပါတယ်။
ထူးခြားချက်ကတော့ NUG ကိုယ်စားလှယ်အဖွဲ့နဲ့ ကေသရီးစီ (K3C) လို့ ခေါ်ဆိုကြတဲ့ ကချင် ၊ ကရင် ၊ ကယားနဲ့ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေကိုပါ အဲဒီအစည်းအဝေးကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ တရုတ် ၊ ရုရှားနဲ့ မြန်မာ နစကအစိုးရတို့ကိုတော့ အဲဒီအစည်းအဝေးကို ဖိတ်ကြားထားခြင်း မရှိကြောင်း သိရပါတယ်။
အင်ဒိုနီးရှားကခေါ်ယူကျင်းပပေးတဲ့ မြန်မာ့အရေးဆိုင်ရာအထူးကိုယ်စားလှယ်များ ပူးတွဲညှိနှိုင်းရေး အစည်းအဝေးရဲ့တကယ့်ရည်ရွယ်ချက်အမှန်တွေကဘယ်လိုဖြစ်နိုင်သလဲဆိုတာကိုအထူးသတိထားဖို့လိုအပ်နေပါတယ်။
◾ ပြည်တွင်းရေးလား ? နိုင်ငံတကာအရေးလား ?
မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေက ပြည်ပ ပါဝင်စွက်ဖက်နေမှုများ၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်နေမှုများ ပါဝင်နေပေ မဲ့ တကယ်တမ်းတွင်တော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအရေးတစ်ခုသာ ဖြစ်ပါတယ်။
- အရေးကိစ္စရပ်များ ” (Issues) ဆိုတာမှာ –
( ၁ ) ပြည်တွင်းရေး ကိစ္စရပ် (Internal Issue)
( ၂ ) ဒေသတွင်းရေးရာ ကိစ္စရပ် (Regional Issue)
( ၃ ) ဒေသလွန်ရေးရာ ကိစ္စရပ် (Trans-Regional Issue)
( ၄ ) နိုင်ငံစုံရေးရာ ကိစ္စရပ် (Multilateral Issue)
( ၅ ) နိုင်ငံတကာရေးရာ ကိစ္စရပ် (International Issue)
( ၆ ) ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ် (Global Issue) အစရှိသဖြင့် သူအဆင့်နေရာနဲ့သူ၊ သူ့အတိုင်းအတာနဲ့သူသာ ရှိကြပါတယ်။
အခု ကျင်းပမယ့် အင်ဒိုနီးရှား အစည်းအဝေးက မြန်မာ့အရေးကို နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကိစ္စရပ်အဆင့် ကနေ နိုင်ငံတကာရေးရာကိစ္စရပ်အဖြစ်သို့ တိုးမြှင့်ချဲ့ထွင်ပြောင်းလဲပေးဖို့ တမင်သက်သက် ဆောင်ရွက်နေတဲ့ ရည်ရွယ်ချက်တစ်ခု ပါဝင်နေပါတယ်။
မြန်မာ့အရေးကို ” နိုင်ငံတကာအရေးကိစ္စရပ်အဖြစ်သို့ တိုးမြှင့်ချဲ့ထွင် ပြောင်းလဲပေးခြင်း (Internationalization)” ပြုလုပ်မှုကြောင့် မြန်မာ့နိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခများ ပြေငြိမ်းနိုင်စေဖို့၊ စစ်ရှောင်ဒုက္ခသည်များ အပါအဝင် နေရပ်စွန့်ခွာရွှေ့ပြောင်းသူများရဲ့ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းဝင်ရောက်နေမှုများ အပါအဝင် အိမ်နီးချင်းနိုင်ငံများအပေါ် သက်ရောက်မှုရှိနေတဲ့ အကျိုးဆက်ရိုက်ခတ်မှုများကို လျှော့ချနိုင်ဖို့ တစ်စုံတရာ အထောက်အကူပြုမှာ မဟုတ်ပါဘူး။
မြန်မာ့အရေးကို Internationalization ပြုလုပ်ခြင်းကြောင့် ဒေသတွင်းအဆင့် တင်းမာမှုတွေနဲ့ နိုင်ငံတကာ အဆင့် တင်းမာမှုတွေ ပိုမိုအရှိန်ပြင်းထန်လာစေဖို့ပဲ အကြောင်းတရားတစ်ခု ဖြစ်လာနိုင်ပါတယ်။
အခြားတစ်ဖက်မှာလည်း အမေရိကန်ပြည်ထောင်စုဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံများနဲ့ သူတို့ရဲ့ ဒေသ ဆိုင်ရာမဟာမိတ်နိုင်ငံများ စည်းဝိုင်းကို တိုးချဲ့ရေးအတွက် မြန်မာ့အရေးကို ကိရိယာတစ်ခုသဖွယ် အသုံး ချနေတာလည်း ဖြစ်နေပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးများနဲ့ မြန်မာနိုင်ငံနဲ့ အခြား နိုင်ငံများအကြား နှစ်နိုင်ငံဆက်ဆံရေးများကို နက်ရှိုင်း ဆိုးရွားစွာ ထိခိုက်စေဖို့နဲ့ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့် ရယူဖို့အတွက် မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်များရဲ့ ပူးတွဲညှိနှိုင်းရေးအစည်းအဝေးတွေကို အမေရိကန်နဲ့ အနောက်အုပ်စုက အသုံးချနေတာလည်း ဖြစ်နေပါတယ်။
မြန်မာနိုင်ငံအတွင်း ပြန်လည်ပြီး တည်ငြိမ်လာနိုင်စေမယ့် အခြေအနေ အလားအလာတွေ၊ ပြန်လည်ငြိမ်းချမ်း သာယာမယ့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေမယ့် အခြေအနေအလားအလာတွေကို နှောင့်ယှက်ဖို့နဲ့ ပျက်ရာပျက်ကြောင်း ဖန်တီးဖို့ ရည်ရွယ်ချက်တွေ နောက်ကွယ်မှာ ရှိနေတာကို ထင်ရှားပေါ်လွင်နေပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ ရုရှားဖက်ဒရေးရှင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့လို နိုင်ငံတကာ အသိုင်းအဝန်းရဲ့အထူးအင်အားကြီးနိုင်ငံတွေကို ပါဝင်တက်ရောက်ခွင့် မဖိတ်ကြားဘဲ ဖယ်ထုတ်ထားတဲ့ ဒီ အစည်းအဝေးတွေက အနောက်အုပ်စု ကြိုးဆွဲရာလိုက်နေမယ့် နယ်မြေခံ နယ်ရုပ်များနဲ့ ရုပ်သေးများရဲ့နိုင်ငံရေး လှုံ့ဆော်ပွဲတစ်ခု၊ မီဒီယာလှုံ့ဆော်ပွဲတစ်ခုထက် ဘာမှ အဆင့်အတန်း ပိုမြင့်မားလာစရာ အကြောင်းအရာမရှိတဲ့ လုပ်ရိုးလုပ်စဉ် ဝါဒဖြန့်ချိရေးလှုပ်ရှားမှုတစ်ခုသာ ဖြစ်နေပါတယ်။