October 4, 2024

၃.၁၀.၂၀၂၄
Written by K Pyay Thein

အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုတွေကြောင့် စစ်တောင်းမြစ်‌ရေတိုးလာပြီး စစ်တောင်းမြစ်ဝှမ်းနေရာ‌ ဒေသအချို့သို့ ရေများပြန်လည်ဝင်ရောက်နေတယ်လို့ ရေဝင်ရောက်ရာဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်တောင်းမြစ်ဝှမ်းနေရာအချို့ကို ရေများပြန်လည်ဝင်ရောက်နေပေမဲ့ လက်ရှိမှာတော့ စိုးရိမ်စရာအခြေအနေ မရှိသေးဘူးလို့ တောင်ငူဒေသခံတစ်ဦးက MT News ကို ပြောပြပါတယ်။

“စစ်တောင်းမြစ်ရေ ထပ်တက်တယ်။ ဒါပေမဲ့ စိုးရိမ်စရာအနေအထားမရှိသေးပါဘူး။ ရေကနည်းနည်းပဲတိုးတာပါ။ အခု တောင်ငူအနေအထားက မြို့ပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေထိုင်ကြသူအချို့လည်း သူတို့ဒေသတွေကို ပြန်သွားကြပါပြီ။ ဒီရက်ပိုင်းမိုးရွာတော့ ရေပါလာတာပါ။ ဒါပေမဲ့ စိုးရိမ်ရတဲ့အနေအထားမျိုးမရှိသေးပါဘူး။ မြို့ပေါ်က အသင်းအဖွဲ့တွေအားလုံးကလည်း အသင့်အနေအထားမှာ ရှိနေပါတယ်”လို့ တောင်ငူမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ အောက်တိုဘာ ၃ ရက်တိုင်းထွာချက်တွေအရ စစ်တောင်းမြစ်ရေဟာ တောင်ငူမှာ စိုးရိမ်ရေအမှတ် ၆၀ဝ မှာရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်မြင့်တက်လာကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မဒေါက်မြစ်ရေဟာလည်း စိုးရိမ်ရေမှတ် ၁၀၇၀ မှာရှိနေပြီး နောက် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်တယ်လို့ မိုး/ဇလဌာနက ထုတ်ပြန်ထားပါတယ်။

“တောင်ငူရေဘေးတုန်းက ဘယ်လိုဖြစ်လဲဆိုတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးသွားတုန်းကတောင် စစ်တောင်းမြစ်ထဲ ကံကောင်းလို့ စက်လှေမှောက်ပြီးမသေခဲ့တာပါ။ ရေစီးကလည်း တအားသန်တယ်။ စစ်တောင်းမြစ်ကို ဘယ်လိုမှဖြတ်ဖို့မလွယ်ဘူး။ ရေစီးတွေတအားသန်သလို ၀ဲဂယက်တွေလည်းရှိပါတယ်။ အဲ့ဘက်တွေမှာ ရေကြီးတုန်းကဆို မြစ်ပြင်နဲ့တစ်ဆက်တည်းရေပြင်ဖြစ်သွားတယ်။ လယ်ကွင်းတွေ ရွာတွေကအစမြုပ်တော့ ဘယ်ဟာမြစ်ကြောင်းလဲ၊ ဘယ်ဟာလယ်ကွင်းလဲဆိုတာကအစ ရှာဖို့ခက်ပါတယ်”လို့ အဲ့ဒီဒေသဘက်ကို ကူညီကယ်ဆယ်ရေးသွားခဲ့တဲ့ ရန်ကုန်အခြေစိုက် လူမှုကူညီရေးသမားတစ်ဦးက ပြောပြခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၃ ရက် နောက်ဆုံးအခြေအနေတွေအရ စစ်တောင်းမြစ်ဝှမ်းဒေသဘက်တွေမှာ မိုးရွာနှုန်းလည်းကျလာသလို မြစ်ရေလည်းကျလာတယ်လို့ ဒေသခံတွေကို ကူညီပေးသူတစ်ဦးက ဆိုပါတယ်။

“စစ်တောင်မြစ်ဘေး အရင် ရေကြီးဖူးတဲ့ရွာတွေ အကုန်ရွှေ့ပြောင်းဖို့ ကြိုတင်ပြင်ဆင်ထားရင်တော့ ကောင်းတာပေါ့။ ဒါတောင် မိုးက တစ်ရက်ပဲ ရွာသေးတယ်။ နောက်ထပ် မိုးရွာဖို့ နှစ်ရက်လောက်ကျန်နေပါတယ်”လို့ သူက ထပ်လောင်း ပြောပြခဲ့ပါတယ်။

Photo – CJ

စစ်တောင်းမြစ်ရေ #မြစ်ရေတိုး #ရေကြီးမှု #သဘာဝဘေး #ကြိုတင်ပြင်ဆင်မှု #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *