October 4, 2024

၃.၁၀. ၂၀၂၄
Written by Thettant

အက္ခရာ (၁)လုံးနှင့် ဂဏန်း (၆)လုံးပါ ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီအား ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့အထိသာ နောက်ဆုံးရောင်းချပေးခဲ့ပြီးနောက် ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့မှစတင်၍ အောင်ဘာလေအွန်လိုင်းသိန်းဆုထီအား အက္ခရာ (၁)လုံးနှင့် ဂဏန်း (၅)လုံးဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ထီလက်မှတ်တစ်စောင် တန်ဖိုးမှာ ကျပ် ၁၀၀၀ ဖြစ်သည်ဟု အောင်ဘာလေသိန်းဆုဌာနမှ သိရသည်။

အက္ခရာ (၁)လုံးနှင့် ဂဏန်း (၅)လုံးပါ အောင်ဘာလေအွန်လိုင်းသိန်းဆုထီအား (၁)လလျှင် (၂)ကြိမ်ရောင်းချပေးမည်ဖြစ်ပြီး ရောင်းချမည့်ကာလများမှာ လတစ်လ၏ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၁)ကြိမ်နှင့် (၁၆)ရက်နေ့မှ လကုန်ရက် မတိုင်မီ (၁) ရက် အလိုအထိ (၁) ကြိမ် စုစုပေါင်း (၂) ကြိမ်ဖြစ်သည်။ လတစ်လ၏ ပထမအကြိမ်အတွက် ထီဖွင့်ပွဲအား လစဉ် (၁၆)ရက်နေ့ နှင့် ဒုတိယအကြိမ်အတွက် ထီဖွင့်ပွဲအား နောက်လ၏ (၂) ရက်နေ့တွင် ပုံမှန် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

အက္ခရာ (၁)လုံးနှင့် ဂဏန်း (၅)လုံးပါ အောင်ဘာလေအွန်လိုင်းသိန်းဆုထီတွင် Jackpot ဆု၊ ယူနစ်ဆုနှင့် နှစ်သိမ့်ဆုများဖြင့် ထီဆုများ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ထီဆုများမှာ ယခင် အက္ခရာ (၁)လုံးနှင့် ဂဏန်း (၆)လုံးပါ ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီအတိုင်း အမြင့်ဆုံးဆုကျပ်သိန်း ၅၀၀ နှင့် အနိမ့်ဆုံးဆု ကျပ်တစ်သောင်းဖြစ်ပြီး ဆုငွေထုတ်ယူရန်မှာလည်း ယခင်အတိုင်းပင်ဖြစ်ကာ ကျပ် ၁၀ သိန်းအောက်ဆုငွေများကို Pay များမှ ထုတ်ပေး၍ ကျပ် ၁၀ သိန်းအထက်ဆုငွေများကို အောင်ဘာလေထီရုံးတွင် ထုတ်ပေးမည်ဖြစ်သည်။

အမြင့်ဆုံးဖြစ်သော Jackpot ဆု၏ ထီလက်မှတ်ကံထူးရှင်အား (၃) ကြိမ်တိတိ ဖွင့်လှစ်ရွေးချယ်ပေးမည်ဖြစ်ပြီး (၃)ကြိမ်အတွင်း ပေါက်မဲနံပါတ် ထွက်ပေါ်လာပါက Jackpot ဆုကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ (၃) ကြိမ်အတွင်း ပေါက်မဲနံပါတ် မထွက်ပေါ်ပါက Jackpot ဆုအတွက် ထီဆုငွေအား နောက်တစ်ကြိမ် ထီဖွင့်ပွဲတွင် ပေါင်းထည့်ပေးသွားမည်ဖြစ်သဖြင့် ဆတိုးရရှိနိုင်သည့် ထီဆုကြီး အမျိုးအစားဖြစ်ပါသည်။ Jackpot ဆုအတွက် ကံထူးရှင် မထွက်ပေါ်လာသေးသော Jackpot ထီဆုငွေများအား အများဆုံး (၆)ကြိမ် (၃လ) အထိဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ (၆)ကြိမ်မြောက်တွင် Jackpot ထီဆုကြီးအား (၃) ကြိမ် မဟုတ်ဘဲ ပေါက်မဲနံပါတ် ထွက်ပေါ်လာသည်အထိ ဖွင့်လှစ်ရွေးချယ်ပေးသွားမည်ဖြစ်သည်။

ယူနစ်ဆုနှင့် နှစ်သိမ့်ဆုများကို ပေါက်မဲနံပါတ် မထွက်ပေါ်လာမချင်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ယူနစ်ရသလောက်ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။ အက္ခရာ (၁)လုံးနှင့် ဂဏန်း (၅)လုံးပါ ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီကို ယခင် Aung Bar Lay အက်ပလီကေးရှင်းတွင်ပင် ဝယ်ယူကံစမ်းနိုင်မည်ဖြစ်ပြီး Aung Bar Lay အက်ပလီကေးရှင်းကို ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် Version အသစ်မြှင့်တင်မှု စတင် ဆောင်ရွက်နိုင်ပြီဖြစ်ကာ ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့မှ စတင်၍ အက္ခရာ (၁)လုံးနှင့် ဂဏန်း (၅)လုံးပါ ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်ကို ဝယ်ယူကံစမ်းနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *