◾ မြန်မာအစိုးရနှင့် အာဆီယံတို့ အပေးအယူပြု၍ အာဆီယံတွင် မြန်မာနိုင်ငံ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်သွားရန်မှာ ယတိပြတ်မပြောနိုင်သေး
၃.၁၀. ၂၀၂၄
Translated by Htwe Ko Tun
မြန်မာနိုင်ငံ၏နစကအစိုးရက နောက်ရက်သတ္တပတ်အတွင်း လာအိုနိုင်ငံ၌ကျင်းပမည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးကို စေလွှတ်ပေးမည်ဟု ပြောကြားခဲ့ရာ မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့အကြီးအကဲအား တက်ရောက်ခွင့်ပိတ်ပင်ထားခဲ့ပြီးနောက် မြန်မာအစိုးရအနေဖြင့် ဒေသတွင်းထောက်ခံမှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အဖြစ် ရှုမြင်လာခဲ့ကြသည်။
အောက်တိုဘာလ ၉ ရက်တွင် ဗီယင်တိန်းမြို့၌ ကျင်းပမည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးသို့ မြန်မာအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတန်းအတွင်းဝန် ဦးအောင်ကျော်မိုးကို စေလွှတ်မည်ဖြစ်ကြောင်းလည်း သိရသည်။ ၎င်းက ဇူလိုင်လအတွင်းကလည်း အာာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သေးသည်။
မြန်မာအစိုးရ၏ ထိုသို့ဆောင်ရွက်မှုက လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပုံမှန်အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ ပါဝင်ဆောင်ရွက်ရန် ပထမဆုံးလုပ်ဆောင်ချက်အဖြစ်လည်း သုံးသပ်ရသည်။ မြန်မာနိုင်ငံတွင် တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာထိန်းသိမ်းခဲ့ပြီးနောက် အာဆီယံက အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကို အာဆီယံ၏အဓိက အစည်းအဝေးများ၌ နိုင်ငံရေးနှင့်ပတ်သက်မှုမရှိသော ကိုယ်စားလှယ်များသာ တက်ရောက်ရန် ကန့်သတ်ခဲ့သည်။ ယေဘုယျအားဖြင့် နိုင်ငံ့အကြီးအကဲနှင့် အစိုးရအဖွဲ့ဝင်တို့ကို ချန်လှပ်ထားရန်ဆောင်ရွက်ခြင်းဟု ယူဆရသည်။ မြန်မာအစိုးရကလည်း ထိုအစည်းအဝေးများသို့ ကိုယ်စားလှယ်စေလွှတ်ခြင်းမပြုဘဲ ဆန္ဒပြခဲ့သည်။
ယခုအခါတွင်မူ အာဆီယံ၏ အခြားအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာအစိုးရ၏ အဆင့်မြင့် သံတမန်တစ်ဦးကို ကိုယ်စားပြုစေလွှတ်၍ အပေးအယူပြုလုပ် ပါဝင်ဆောင်ရွက်ခြင်းကို သဘောတူကြရန် မျှော်လင့်ခြင်းခံထားရသည်။
မြန်မာအစိုးရအဖွဲ့အကြီးအကဲဖြစ်သော မြန်မာ့တပ်မတော်ခေါင်းဆောင်လည်းဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့သော အာဆီယံ အထူးထိပ်သီး ဆွေးနွေးပွဲတစ်ရပ်သို့ တက်ရောက်ခဲ့သည်။ အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအတွင်း အကျပ်အတည်းအခြေအနေနှင့်ပတ်သက်၍ အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ရန် အများသဘောတူဆန္ဒ ငါးချက်ကို ချမှတ်ခဲ့ကြသည်။ သို့သော်ထိုဆောင်ရွက်မှုက တိုးတက်မှု မဆိုစလောက်သာ ရခဲ့သည်ဟုဆိုရမည် ဖြစ်သည်။
အကယ်၍သာ လာမည့်အာဆီယံဆွေးနွေးပွဲများတွင် မြန်မာအစိုးရမှစေလွှတ်သော ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်ခွင့်ပြုမည်ဆိုပါက အစည်းအဝေး၌ဆွေးနွေးမည့်အစီအစဉ်တွင် အဆိုပါ အများသဘောတူဆန္ဒငါးချက်အပေါ် မြန်မာနိုင်ငံဘက်က ပါဝင်ဆောင်ရွက်မှု တိုးတက်သည့်အခြေအနေအပေါ် တွင်လည်း ထည့်သွင်းဆွေးနွေးနိုင်ကြမည်ဖြစ်သလို မြန်မာနိုင်ငံအား လူသားချင်းစာနာသည့်အထောက် အပံ့များပေးရေးအတွက်လည်း ညှိနှိုင်းနိုင်ကြမည်ဖြစ်သည်။
ယခု ၂၀၂၄ ခုနှစ်အတွင်းတွင်မူ မြန်မာနိုင်ငံအနေဖြင့် အလှည့်ကျဥက္ကဋ္ဌအဖြစ် လာအိုနိုင်ငံကကျင်းပသော အာဆီယံ၏ အဓိကအစည်းအဝေးများတွင် ပိုမို၍ပါဝင်မှုရှိခဲ့သည်ဟုလည်း ဆိုနိုင်သည်။ ၎င်းက မြန်မာနိုင်ငံ၏ တပ်မတော်အစိုးရအနေဖြင့် အခြေအနေကိုပြေငြိမ်းလိုသော ရပ်တည်ချက်ဆောင်လာသည်ဟုလည်း ဆိုရမည်ဖြစ်သည်။ မြန်မာအစိုးရက နိုင်ငံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အဓိကအစည်းအဝေးများတွင် အဆင့်နိမ့်အရာရှိများဖြင့် ပထမဆုံးပါဝင်ဆောင်ရွက်လာခဲ့ခြင်းလည်းဖြစ်သည်။
ထို့ပြင် နိုင်ငံ၏စီးပွားရေးပျက်ပြားမှုနှင့် ကုန်သွယ်ရေးနှင့် လုံခြုံရေးကိုပါထိခိုက်စေသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့်တိုက်ပွဲများကြောင့် ပြည်ပအကူအညီလိုအပ်နေသည့် မြန်မာအစိုးရအဖို့ အာဆီယံအဖွဲ့နှင့် ပိုမို၍ ပွင့်လင်းစွာ အပေးအယူပြုဆောင်ရွက်လာခဲ့သည်ကိုလည်း တွေ့ရသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကလည်း ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာသည့် အထောက်အပံ့များပေးသွားရန် ဇန်နဝါရီလက သဘောတူခဲ့ကြသည်။ တိုင်ဖွန်းရာဂီကြောင့် ရေဘေးတွေ့ ကြုံခဲ့ရသည့် ဘေးဒုက္ခသည်များအတွက်လည်း အာဆီယံသဘာဝဘေးတုံ့ပြန်ရေးဗဟိုစခန်းက ကယ်ဆယ်ရေးအထောက်အပံ့များ ပေးပို့ခဲ့သည်။
သို့သော် မြန်မာနိုင်ငံအစိုးရနှင့်အပေးအယူများပြုကြရာတွင် လာမည့်အာဆီယံ အစည်းအဝေးများ၌ မြန်မာအစိုးရ၏ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခွင့်ပေးရေး၊ ပါဝင်ဆွေးနွေးခွင့်ပေးရေးတို့အပေါ် အာဆီယံအဖွဲ့ဝင်တို့အနေဖြင့် တစ်သဘောတည်းထောက်ခံကြမည်လား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မပြောနိုင်ကြသေးပေ။