October 4, 2024

၃. ၁၀. ၂၀၂၄
Written by Nyein Kyaw

သုံးလဆက်တိုက်ကျဆင်းခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ၏ စီးပွားရေးအခြေအနေမှာ ဆက်လက်ဆိုးဝါးနေပြီး အမြန်ပြန်ကောင်းနိုင်မည့်အခြေအနေ အနည်းငယ်သာရှိကြောင်း အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ပြီးခဲ့သည့် စက်တင်ဘာလတွင် ၄၅ ဒသမ ၅ တွင်သာရှိခဲ့၍ ပြီးခဲ့သည့် ရှစ်လတာအတွင်း အနိမ့်ဆုံးဖြစ်သော ဩဂုတ်လ၏ PMI အညွှန်းကိန်း ၄၃ ဒသမ ၄ ထက် အနည်းငယ်တိုးတက်မှုရှိခဲ့သော်လည်း သုံးလဆက်တိုက် အလယ်အမှတ် ၅၀ အောက်၌ပင် ရှိနေခဲ့ခြင်းဖြစ်သည်။

“စက်တင်ဘာလ PMI အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍဟာ ကျဆင်းမှုထဲမှာ ပိတ်မိနေဆဲဖြစ်ပြီး နောက်ဆုံးထွက်လာတဲ့ ရလဒ်တွေအရ တိုးတက်မှုလက္ခဏာတစ်ခု ဒါမှမဟုတ် နှစ်ခုရှိပေမယ့် အမြန်ပြန်ကောင်းလာမယ့်လက္ခဏာ အနည်းငယ်သာရှိနေဆဲဖြစ်ကြောင်း ပြသခဲ့ပါတယ်လို့ S&P Global Market Intelligence မှ စီးပွားရေးဆိုင်ရာ တွဲဖက်ဒါရိုက်တာဖြစ်သူ Phil Smith က သုံးသပ်ပြောကြားသည်။

ကုန်ကြမ်းမှထွက်ရှိမှု ကန့်သတ်ချက်များနှင့် ဝန်ထမ်းများ လျော့နည်းမှုအပြင် ရေကြီးရေလျှံမှုကြောင့် ပြတ်တောက်မှု စသည်တို့ကြောင့်ဟု လုပ်ငန်းရှင်များက တင်ပြခဲ့သော်လည်း အဓိကအချက်မှာ အလုပ်သစ်ရှားပါးခြင်းဖြစ်သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ အမှာစာအသစ်များသည် သုံးလဆက်တိုက် ကျဆင်းခဲ့ပြီး ဝယ်လိုအား အားနည်းခြင်းသည် အပြန်အလှန်အားဖြင့် ကုန်စည်ဈေးနှုန်းများ လျင်မြန်စွာမြင့်တက်လာခြင်းကြောင့် ဖောက်သည်များအကြား ငွေကြေးပြဿနာများနှင့် ကျယ်ပြန့်စွာဆက်စပ်နေသည်ဟုပါ ဖော်ပြထားသည်။

မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာမက အာဆီယံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည်လည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ၅၀ သို့ ကျဆင်းခဲ့ပြီး ခုနစ်လအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။ ထို့အတူ ကုန်ကျစရိတ်ဝန်ထုပ်ဝန်ပိုးနှင့် ထုတ်လုပ်ရေးစရိတ်များ တစ်နှစ်ကျော်အတွင်း အနည်းငယ်မြင့်တက်ခဲ့သလို ပို့ကုန်တင်ပို့ရောင်းချမှု အသစ်များ ထိုးကျသွားမှုမှာလည်း သုံးနှစ်ကျော်အတွင်း အထင်ရှားဆုံးဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *