October 4, 2024

၃.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော နီပေါနိုင်ငံ၌ စက်တင်ဘာ ၂၇ ရက်မှစ၍ မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းဖြစ်ပေါ်ခဲ့သော ရေကြီးမှုများနှင့် မြေပြိုမှုများတွင် သေဆုံးရသူအရေအတွက်မှာ အောက်တိုဘာ ၃ ရက် နံနက်၌ ၂၃၃ ဦးအထိမြင့်တက်လာခဲ့ကြောင်း နီပေါအစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရီရှီရမ် တီဝါရီက ရေကြီးမှုများနှင့် မြေပြိုမှုများတွင် ပျောက်ဆုံးနေသူ ၂၂ ဦးရှိကြောင်းနှင့် လူ ၁၆၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ပြောခဲ့သည်။ ၎င်းက သဘာဝ‌ဘေးဒဏ်သက်ရောက်မှုခံရသောဒေသများမှ လူ ၁၇,၁၂၀ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း ရာသီဥတုတိုင်းတာရေးစခန်း ၂၅ ခုမှ ရရှိချက်များအရ မိုးရေချိန်က တစ်ကြိမ်မျှမကြုံဘူးလောက်အောင် စံချိန်တင်ရွာသွန်းခဲ့‌ပြီး မက်ဝန်ပူရ်ခရိုင်တွင်ဆိုလျှင် စက်တင်ဘာလ ၂၈ ရက်က မိုးရေချိန် ၄၁၀ မီလီမီတာ (၁၆ လက်မကျော်ခန့်) အထိ ရွာသွန်းခဲ့ကြောင်းသိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ပြောကြားချက်များအရ နိုင်ငံတစ်ဝန်း သောက်ရေအတွက် ဆုံးရှုံးမှု ရူပီး ၃ ဒသမ ၅၅ ဘီလျံဖိုးခန့်၊ လမ်းများထိခိုက်မှုအတွက် ဆုံးရှုံးမှု ရူပီး ၂ ဒသမ ၅၂ ဘီလျံဖိုးခန့်၊ စွမ်းအင်ကဏ္ဍဆုံးရှုံးမှု ရူပီး ၄ ဘီလျံခန့်နှင့် ဆည်မြောင်းကဏ္ဍ ထိခိုက်ဆုံးရှုံးမှု ရူပီး တစ်ဘီလျံဖိုးခန့်ရှိမည်ဟု ရှေးဦးခန့်မှန်းထားကြောင်းသိရသည်။

နီပေါအစိုးရက ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများ ကို အထူးဦးစားပေးဆောင်ရွက်လျက်ရှိပြီး သဘာဝဘေးဒဏ်ခံခဲ့ရသော အဝေးပြေးလမ်းများ ပြင်ဆင်ရေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများအတွက်ပါဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref- The Rising Nepal

Leave a Reply

Your email address will not be published. Required fields are marked *