October 4, 2024

၃. ၁၀. ၂၀၂၄
Written by Nyein Kyaw

ပြည်ပရောက် Exile မီဒီယာများတွင် မဟုတ်မမှန် ဖော်ပြနေသကဲ့သို့ ဓာတ်ဆီနှင့် ဒီဇယ်များကို တစ်ရက်လျှင် တစ်ကြိမ်သာ အကန့်အသတ်ဖြင့် ဝယ်ယူရန် စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ်ကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်း၌ သုံးစွဲမှုပမာဏကိုသိရှိပြီး စက်သုံးဆီမည်မျှ တင်သွင်းရမည်ကို သိရှိစေရန် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ ဖြန့်ဖြူးရောင်းချရေးအသင်း (MPTA)မှ သိရသည်။

“အဲဒါနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ပေးပါ့မယ်။ လောလောဆယ် အပြင်မှာပြန့်နေတဲ့ သတင်းတွေက တစ်ခုမှမဟုတ်ပါဘူး။ ကျွန်တော်တို့ တရားဝင်ထုတ်ပြန်ပေးပါမယ်။ အားလုံး Confirm ဖြစ်လို့ရှိရင် ကြေညာပေးပါ့မယ်။ စနစ်ရဲ့ တကယ့် အဓိကကို သူတို့ရေးနေတာက တစ်နေ့တစ်ကြိမ် ထုတ်ခွင့်ရှိတယ်ဆိုတာက တော်တော်ကြီးကို လွဲနေပါတယ်။ ကျွန်တော်တို့က ဆီကန့်သတ်ဖို့အတွက် လုပ်ထားတာမဟုတ်ပါဘူး။ ဆီဝယ်တဲ့အခါ အဆင်ပြေအောင်၊ လွယ်အောင်လုပ်ပေးတာ။ ကန့်သတ်ဖို့မဟုတ်ဘူး” ဟု MPTA မှ တာဝန်ရှိသူက MT News သို့ ပြောသည်။

အဆိုပါ စက်သုံးဆီစမတ်ကတ်များသည် ATM Card များကဲ့သို့လည်း ငွေကြေးထည့်သွင်းကာ ဆီဝယ်ယူရသည့် ကတ်စနစ်မျိုးမဟုတ်ဘဲ ဆီဝယ်ယူချိန်တွင် ကားနံပါတ်၊ ယာဉ်အမျိုးစားနှင့် ဝယ်ယူသည့် ဆီအမျိုးအစားများကို ဒေတာကောက်ယူနိုင်မည့် ကတ်အမျိုးအစားသာဖြစ်သည်။ ကနဦးအနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် စတင်စမ်းသပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့ စက်သုံးဆီစမတ်ကတ် ပြုလုပ်ရခြင်းသည် ပြည်တွင်းရှိ ကားများ၏ သုံးစွဲနေသည့် ပမာဏကို တိတိကျ တွက်ချက်နိုင်ရန်ဖြစ်သည်။ သို့မှသာ ပြည်တွင်း၌ လိုအပ်သည့် စက်သုံးဆီများကို ပြည်ပမှ မည်မျှတင်သွင်းရမည်နှင့် တင်သွင်းထားသည့် စက်သုံးဆီများကိုလည်း စနစ်တကျ စီမံခန့်ခွဲနိုင်ရန်အတွက် အဓိက စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက,က ကျွန်တော်တို့ ဒေတာရမယ်။ ကျွန်တော်တို့ တစ်လကို ဆီဘယ်လောက်သုံးစွဲတယ်။ ဥပမာ ကားတစ်စီးရဲ့ သုံးစွဲမှုနှုန်းထွက်လာမယ်။ တိတိကျကျထွက်လာလို့ရှိရင် ဒီအတွက် ဘယ်လောက်တင်သွင်းသင့်လဲ။ ဘယ်လောက်အစီအမံလုပ်သင့်လဲ။ ဒါတွေအတွက် အဓိက ဒေတာအတွက် တွက်ချက်ပေါင်းနိုင်ဖို့ကို လုပ်တာ။ ကန့်သတ်လို့မရဘူးလေ။ ကားကတော့ လိုသလောက် သုံးမှာပဲလေ။ သူတို့က ပွဲဆူအောင် လုပ်နေတာ” ဟု ၎င်းက ပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီစမတ်ကတ်စနစ်ကို မကြာမီ စမ်းသပ်တော့မည်ဖြစ်ပြီး အဆိုပါစမတ်ကတ်ဖြင့် တစ်ရက်လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုတော့မည်ဆိုကာ အများပြည်သူအထင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ယနေ့တွင် ပြည်ပရောက် Exile မီဒီယာများက မဟုတ်မမှန် ရေးသားဖော်ပြနေခြင်းဖြစ်သည်။

ယနေ့တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၃၁၃၅ ကျပ်၊ ဓာတ်ဆီ ၅၅ တစ်လီတာ ၃၂၉၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၅၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၂၃၀ ကျပ် ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *