October 4, 2024

၃.၁၀.၂၀၂၄
Written by K Pyay Thein

ရေဘေးဒဏ်ကိုခံခဲ့ရတဲ့ အင်းလေးဒေသက ဝေးလံခေါင်ဖျားတဲ့ ကျေးရွာအချို့မှာ ယနေ့အထိ အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့ အဲ့ဒီဒေသတွေကိုသွားရောက်ကူညီပေးခဲ့ကြတဲ့ လူမှုကူညီရေးသမားတွေက ပြောပါတယ်။

လက်ရှိမှာ အင်းလေးဒေသမှာရှိတဲ့ သွားလာရခက်ခဲတဲ့ ကျေးရွာ ၁ဝဝ နီးပါးလောက်က အကူအညီတွေကို လိုအပ်နေဆဲဖြစ်တယ်လို့လည်း လူမှုကူညီရေးသမားတစ်ဦးက ပြောပါတယ်။

“တောင်ငူရေဘေး ကူညီကယ်ဆယ်ရေးပြီးတော့ အင်းလေးမှာလည်း ရေမြုပ်နေတယ်ဆိုပြီးသိရတော့ အင်းလေးလို ရေတွေအများကြီးရှိတဲ့နေရာမှာ ဘယ်လိုကြောင့်ရေမြုပ်သလဲပေါ့။ အဲ့ဒါနဲ့ပဲ ကျွန်တော်တို့က အဲ့ဘက်ကို ကူညီကယ်ဆယ်‌ရေးဆက်ထွက်ကြတာပေါ့။ ဟိုရောက်တော့ အတော်လေးအခက်တွေ့နေတာ ဒုက္ခရောက်နေတာကို တွေ့ခဲ့ရပါတယ်။ ဟဲလုံတို့ ဟက်ပုန်းတို့ဘက်‌ကကျေးရွာတွေမှာ သွားရောက်ပြီးတော့ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ အင်းလေးမှာ ရေပြင်တွေအကုန်ဖြစ်ကုန်တာပေါ့။ ခြေတံရှည်အိမ်တွေတောင် မြုပ်ကုန်တယ်။ အိမ်ခေါင်မိုးလောက်ပဲကျန်တယ်။‌ ဒေသခံတွေက သူတို့တစ်ဘဝလုံး ရှာဖွေထားတဲ့ဟာတွေလည်း ကုန်သွားတာပေါ့။ ရေထဲပါသွားကြတယ်။ အခုအကူအညီလိုတဲ့ရွာတွေက သွားရလာရ အတော်လေးခက်တဲ့ရွာတွေပါ။ သူတို့က ၁၀ ရွာတစ်စု၊ ၁၅ ရွာကိုတစ်စု အဲ့လိုနေကြတယ်။ ကျန်းမာ ရေးဆိုင်ရာကိစ္စရပ်တွေမှာလည်း ဗဟုသုတအားဖြင့် အတော်လေးနည်းတာကို တွေ့ရတယ်။ အင်းသူ၊ အင်းသားတွေများတယ်။ သဘောလည်း ကောင်းကြပါတယ်။ ဖော်လည်းဖော်ရွေကြတယ်။ အခု‌ ရေကြီးတော့ အင်းလေးကန်ရေပြင်ကြီးက အရင် ကန်ရေပြင်ထက်နှစ်ဆလောက် တက်လာတယ်”လို့ အဲ့ဒီ‌ဒေသကို‌ သွားရောက်ပြီး ကူညီကယ်ဆယ်မှုတွေပြုလုပ်ခဲ့တဲ့ ရွှေလှောင်းလှေပရဟိတဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသော်တာထွေးက ပြောပြပါတယ်။

ဒါ့အပြင် ရေဘေးသင့်ခဲ့တဲ့ အင်းလေးဒေသမှာ လျှပ်စစ်မီးပြန်လည်ရရှိဖို့ဆိုပါက အချိန်အားဖြင့်လည်း ၆ လလောက်ကြာမြင့်မယ့်သဘောမှာရှိနေပြီး လတ်တလော ဒေသခံတွေအတွက် ဆိုလာမီး၊ ဘတ္ထရီ၊ ပါဝါ Station၊ မီးသွေးနဲ့ ဆေးဝါးတွေ အဓိကလိုအပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

“အခုက မီးလည်းမရတော့ဘူး။ ဓာတ်တိုင်တွေကအစ လဲကုန်တာကိုး။ ဒါတွေကို ပြန်ပြင်ဖို့ကလည်း ကြာဦးမယ်။ နောက်ဖုန်းလိုင်းတွေကအစ အချို့နေရာတွေမှာ မမိတာရှိတယ်။ ရေထဲ ဖြစ်သလိုသွားကြ၊ လာနေကြရတယ်။ အတော်လေးခက်ခဲပါတယ်‌။ တော်ရုံ လူသူအရောက်ပေါက်နည်းတဲ့နေရာတွေလည်းဖြစ်တယ်။ သူတို့ဘက်မှာ ၁၀ ရွာကို သူကြီးတစ်ယောက်က အဲ့လိုအုပ်ချုပ်တယ်။ ၁၀ ရွာ ၁၅ ရွာကိုတစ်စု အဲ့လို‌နေကြတာပေါ့။ ခန့်မှန်းဆို ကျေးရွာ ၁၀၀ လောက်ရှိမယ်”လို့ ဦးသော်တာထွေးက ထပ်လောင်းပြောပြခဲ့ပါတယ်။

ရေဘေးဒဏ်သင့်အင်း‌‌လေးဒေသအတွက် ပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့လည်း ရွှေလှောင်းလှေပရဟိတဖောင်ဒေးရှင်းသို့ ဆက်သွယ်ပါဝင်လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။

“တချို့ကလည်း လှူချင်တယ်။ ဘယ်လိုလှူရမလဲ မသိကြဘူးပေါ့။ တချို့ကျပြန်တော့လည်း တကယ်ခက်ခဲတဲ့နေရာတွေကို လှူချင်တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မသွားရဲတာမျိုး၊ တချို့တွေက လှူချင်တဲ့စိတ်ရှိပေမယ့် အန္တရာယ်ကို ကြိုတွက်ရတာမျိုး ဒီလိုနေရာတွေသွားလို့ဖြစ်ပါ့မလားပေါ့။ အဲ့လိုတွေလည်းရှိနေတော့ မြေပြင်မှာ တကယ်ကူနေတဲ့ လုပ်နေတဲ့အဖွဲ့တွေကတစ်ဆင့်ကူလိုက်ရင် လှူလိုက်ရင် ထိထိရောက်ရောက်လည်းဖြစ်တယ်။ တကယ်ခက်ခဲတဲ့နေရာတွေကိုလည်းရောက်တယ်။ အလှူလည်းအထမြောက်တယ်။ အလှူရှင်တွေကိုယ်တိုင် လိုက်လှူချင်တယ်ဆိုရင်လည်း မြေပြင်မှာရှိနေတဲ့ ပရဟိတအသင်းတွေနဲ့ချိတ်ဆက်ပြီး ပူးပေါင်းလှူဒါန်းတာက ပိုထိရောက်ပါတယ်”လို့ သူက ထပ်မံပြောပြခဲ့ပါတယ်။

ဓာတ်ပုံ – ရွှေလှောင်းလှေပရဟိတဖောင်ဒေးရှင်း။

အင်းလေးဒေသ #ရေဘေး #ကူညီကယ်ဆယ်ရေး #လှူဒါန်းမှု #ပရဟိတ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *