October 4, 2024

၃ .၁၀.၂၀၂၄
Written by Hey Mar

မြဝတီ-ကော့ကရိတ် ဒေါနတောင်လမ်းဟောင်း ချောက်ကမ်းပါးနဲ့ အလယ်ဗိုလ်တဲကြားမှာ ၁၀ ဘီးကုန်ကားတစ်စီး ပေ ၁၀၀ ခန့်နက်တဲ့ ချောက်ထဲ မနေ့က အောက်တိုဘာ ၂ ရက် ည ၉ နာရီဝန်းကျင်လောက်ကတည်းက ထိုးကျတိမ်းမှောက်ခဲ့ကာ ယာဉ်မောင်းဖြစ်သူ နေရာတင်သေဆုံးခဲ့ပြီး ဒီနေ့မနက်မှာတော့ ကားကို မ ကာ ရုပ်အလောင်းထုတ်ယူဖို့ ကြိုးစားနေကြတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ချောက်ထဲ ထိုးကျခဲ့တဲ့ကားနံပါတ်မှာ 4B – 4002 ဖြစ်ပြီး ကော့ကရိတ်က‌နေ မြဝတီကို ကုန်လာတင်တဲ့ ကားလို့ သိရကာ လမ်းဘေး ချောက်ထဲကျတဲ့နေရာမှာတင် ယာဉ်မောင်းအမျိုးသားက ကားအတွင်း ပိတ်ညပ်သေဆုံးခဲ့တာလို့လည်း သိရပါတယ်။

“ယာဥ်မောင်း အမျိုးသား နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ယာဥ်နောက်လိုက် မပါပါဘူး။ ယာဥ်မောင်းက ကားနဲ့ ပိနေတာကြောင့် ကားဆွဲမပြီး ထုတ်ဖို့ အခု ကြိုးစားနေကြပါတယ်” လို့ မြေပြင်အကူအညီရောက်ရှိနေတဲ့ အလင်းသစ် လူမှုကူညီရေးအသင်း (မြဝတီ)မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

အဆိုပါ တာဝန်ရှိသူက မြဝတီ-ကော့ကရိတ်-ဒေါနတောင် လမ်းဟောင်းမှာ အခုလို ချောက်ထဲ ထိုးကျတဲ့ဖြစ်စဉ် ရှေ့လကနေ အခုထိ ၃ ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်တစ်ခုနဲ့ တစ်ခုက ၁၀ ရက်ခန့်သာ ခြားတယ်လို့လည်း သူက ဆက်လက်ပြောပြပါတယ်။ အဆိုပါတောင်ပေါ်လမ်းတွေက အခုအခါမှာ ရာသီဥတုကြောင့် မနက်အစောပိုင်းနဲ့ ညအချိန်တွေမှာ အရင်ကထက် မြူထူပိတ်စွာ ကျရောက်နေတတ်ကြောင်း၊ ဒါကြောင့် လမ်းကို ကောင်းစွာမမြင်ရဘဲ တောင်နံရံနား ကပ်မောင်းရမယ့် နေရာတွေမှာ ချောက်ကမ်းပါးဘက် ကပ်မိလို့ အခုလို ဖြစ်စဉ်တွေ ယာဉ်မောင်းတွေမှာ ကြုံရတာလို့ဆိုပါတယ်။

အခုဖြစ်စဉ်မှာ သေဆုံးသွားတဲ့ ယာဉ်မောင်းရဲ့ ယာဉ်ပိုင်ရှင်အပါအဝင် မိသားစုတွေကိုလည်း အလင်းသစ်လူမှုကူညီရေးအသင်းက သက်ဆိုင်ရာနဲ့ ပူးပေါင်းချိတ်ဆက်ပေးနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *