October 4, 2024

၃ .၁၀. ၂၀၂၄
Written by Hey Mar

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်‌တွင်း ရေကြီးရေလျှံမှု ဖြစ်စဉ်တွေကြောင့်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ မယ်ဆိုင်ချောင်းကူးတံတားမှာ စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက ရေစီးအရှိန်နဲ့ မျောပါသွားပြီးနောက် ယာယီချောင်းကူးသံမဏိနန်းကြိုးဆွဲ ဝါးတံတားပြုလုပ်ထားရာ ဒီနေ့ အောက်တိုဘာ ၃ ရက်နေ့မနက် ရွာသွန်း‌နေတဲ့မိုးကြောင့် ချောင်း‌ရေနဲ့ တောင်ကျရေစီးဆင်းလာပြီး ယာယီကြိုးတံတား ရေစီးနဲ့ ထပ်မံမျောပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ယာယီကြိုးတံတားက စက်တင်ဘာ ၂၂ ရက်နေ့မှာ ပြန်လည်တည်ဆောက်ခဲ့ပြီး စက်တင်ဘာ ၂၇ ရက်နေ့မှာ လူနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ တည်ဆောက်စဉ် ကုန်ကျစရိတ် ကျပ် သိန်းနှစ်ရာကျော် သုံးစွဲခဲ့ရပြီး လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ရွာ ခုနစ်ရွာက အိမ်ခြေ ငါးရာ‌ကျော်၊ အိမ်ထောင်စု ခြောက်ရာနီးပါးနဲ့ လူဦးရေ ၃၀၀၀ ကျော်က တာချီလိတ်မြို့နဲ့ဆက်သွယ်ကူးလူး‌ နေထိုင်စားသောက်ရတာမို့ တံတားပျက်စီးတဲ့အခါ ကျေးရွာနေပြည်သူတွေ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရတာကြောင့် အခုလို ယာယီလူကူးဝါးတံတားတည်ဆောက်ခဲ့တာလို့ တာချီလိတ်မြို့ ‌အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။

တာချီလိတ်မြို့မှာ အောက်တိုဘာလ ၃ ရက်နေ့ မနက်အစောပိုင်းကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေပြီး မြို့ရဲ့ အထက်ဘက် မိုင်းဆတ်မြို့နယ်မှာလည်း မိုးရွာသွန်းလျက်ရှိနေရာ မိုးဆတ်မြို့ကနေ စီးဆင်းလာတဲ့ တောင်ကျရေက နာရီအနည်းငယ်အတွင်း တာချီလိတ်မြို့ဆီဆင်းလာပြီး မယ်ဆိုင်ချောင်းထဲ စီးဝင်တာကြောင့် မြစ်နား၊ ချောင်းနား၊ တောင်ပြိုနိုင်တဲ့ နေရာတွေမှာ နေသူတွေအနေနဲ့ ဘေးလွတ်ရာကို ရှောင်ရှားနေထိုင်နိုင်ဖို့ မြို့ခံ လူမှုကူညီရေး အသင်းအဖွဲ့တွေနဲ့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရပြီး အခုကာလအထိဆိုရင် ရေဘေးအန္တရာယ် ကြုံတွေ့နေရတာ ၈ ကြိမ်ထပ်မနည်း ရှိနေပြီဖြစ်ကာ လူသေဆုံးမှုတွေလည်း ရှိနေတာပါ။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်တချို့မှာလည်း ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးပိုနိုင်သလို မိုးလေဝသနဲ့ ရာသီဉတုပြောင်းလဲမှု ဖြစ်စဉ်တွေ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က အောက်တိုဘာလ ၄ ရက်အထိ တာချီလိတ်မြို့နဲ့ အနီးတစ်ဝိုက်၊ မယ်ဆိုင်ချောင်းတလျှောက် မိုးများနိုင်မယ့်အခြေအနေရှိ‌နေကာ မိုးရေချိန် ၂ လက်မခန့် ၂ ရက် မှ ၃ ရက်ခန့်အထိ ဆက်တိုက်ရွာသွန်းနိုင်တယ်လို့ သူ့ရဲ့လေ့လာတွေ့ရှိချက်ကို အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *