October 4, 2024

၃.၁၀.၂၀၂၄
Written by Hey Mar

ဆိုင်ကယ်မဆင်မခြင်မောင်းနှင်ရာက လမ်းရေနှုတ်ပြွန်တည်ဆောက်ဖို့တူးထားတဲ့ မြောင်းအတွင်း ထိုးကျကာ ဆိုင်ကယ်မောင်းနှင်သူရော နောက်က လိုက်ပါစီးနင်းသူပါ သေဆုံးခဲ့တဲ့ ဖြစ်စဉ် မနေ့က အောက်တိုဘာ ၂ ရက်နေ့ မှာ လှည်းကူးမြို့အမှတ်(၇) လမ်းမ‌ပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာက‌နေ သိရပါတယ်။

ဖြစ်စဉ်က မနေ့က အောက်တိုဘာ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီ အချိန်ခန့်မှာ ဆိုင်ကယ်တိမ်းမှောက်ကာ လူနှစ်ဦးသေဆုံးကြောင်း သတင်းအရ လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးရာ လှည်းကူးမြို့အမှတ်(၇) လမ်းမ‌ဘက်က‌နေ အမှတ်(၃)လမ်းမဘက်ဆီ (အရှေ့မှအနောက်လားရာ)ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ သက်ဇော်ထွန်း(၃၄)နှစ်၊(၅)လမ်း၊ ၈/၁မြို့မရပ်ကွက်၊ လှည်းကူးမြို့နေသူ မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို အနောက်မှရဲတပ်သားမျိုးခိုင်(၃၀)နှစ် လိုက်ပါစီးနင်းလာပြီး အမှတ်(၇)လမ်း၊ မိုင်တိုင်အမှတ်(၂/၂)နှင့် (၂/၃)ကြား အရောက်မှာ လမ်းဝဲဘက်အခြမ်းရှိ လမ်းရေနှုတ်ပြွန်တည်ဆောက်ဖို့ တူးထားတဲ့ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့တာလို့ သိရပါတယ်။

ဆိုင်ကယ်တိမ်း‌မှောက်မှု ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းသူ သက်ဇော်ထွန်းမှာ ရင်ဘတ်ဖူးယောင်ဒဏ်ရာ၊ ရဲတပ်သား မျိုးခိုင်မှာ ဝဲနားထင်ဖူးယောင်ပွန်းပွဲ၊ နား ‌‌သွေးထွက်၊ နှာခေါင်းသွေးထွက်ဒဏ်ရာ‌တွေ ရရှိပြီး အခင်းဖြစ်နေရာမှာ နှစ်ဦးစလုံး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ဆိုင်ကယ်အားပေါ့ဆစွာမောင်းနှင်ပြီး သေဆုံးခဲ့သူ သက်ဇော်ထွန်းကို ဥပဒေအရအရေးယူပေးပါရန် ယာဉ်မှုစစ်မှ တိုင်တန်းခဲ့ပြီး လှည်းကူးမြို့မရဲစခန်းက ယာဥ်(ပ)၁၉/၂၀၂၄ပုဒ်မ၃၀၄-က/က၂၇၉ အရ အမှုရေးဖွင့်ခဲ့တယ်လို့ သိရပါတယ်။

ရဲလုပ်ငန်းစဉ်အရ သက်သေခံပစ္စည်းသိမ်းဆည်းခြင်း၊ ဆေးစာရေးသားပေးပို့ခြင်း‌တွေ ပြုလုပ်အပြီးမှာ ရုပ်အလောင်းတွေကို နယ်မြေခံ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်နဲ့ လှည်းကူးဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံက အလောင်းအမှတ် (PR-51) ၊ (PR-52) နဲ့ လက်ခံ စစ်ဆေးဆောင်ရွက်ကာ ဥပဒေအကြံပြုချက်အမြန်ဆုံးတောင်းခံနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *