October 4, 2024

၃ .၁၀. ၂၀၂၄
Written by Hey Mar

ဆောက်လုပ်ရေးလုပ်ငန်းခွင် ၃ လွှာက‌နေ အလုပ်သမားတစ်ဦးပြုတ်ကြကာ အရေးပေါ်ဆေးရုံတင်ပို့ရတဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၃ ရက်‌ မနက် ၈ နာရီ အချိန်ခန့်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်တာဝန်ရှိသူထံကနေ သိရပါတယ်။

ဖြစ်စဉ်က စမ်းချောင်းမြို့နယ်၊ ရန်ပြိုလမ်း၊ မာန်အောင်ဓမ္မာရုံအနီး ဆောက်လက်စတိုက် ၃ လွှာကနေ အသက် လေးဆယ်ဝန်းကျင် အမျိုးသားတစ်ဦး လုပ်ငန်းခွင် ဝင်ရောက်နေစဉ် ပြုတ်ကျတာလို့ သိရှိရပြီး ဦးခေါင်းပြင်းထန် ထိခိုက်ဒဏ်ရာနဲ့ ညှပ်ရိုး၊ နောက်ကျာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူထံကနေ သိရှိရပါတယ်။

“တိုက်ဘေး လမ်းကြားထဲကို ဇောက်ထိုးကျတာ။ ထိခိုက်ဒဏ်ရာပြင်းထန်ပါတယ်။ မနေ့ကလည်း စမ်းရေတွင်းလမ်းဘက်မှာ အမျိုးသားတစ်ဦး ငါးလွှာကနေ ပြုတ်ကျ‌သေးတယ်၊ သူလည်းဦးခေါင်း ဦးဆက်ထိတယ်” လို့ ရပ်ကွက်တာဝန်ရှိသူက MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ် ။

လုပ်ငန်းခွင်ဝင်နေစဉ် တိုက်ပေါ်က ပြုတ်ကျ သတိလစ်နေတဲ့ လူနာကို စမ်းချောင်းအရန် မီးသတ်တပ်ဖွဲ့က လိုအပ်တဲ့ မြေပြင်ပြုစုကုသမှု‌ ပြုလုပ်ပေးပြီး ရန်ကုန်ဆေးရုံကြီးဆီ အချိန်နဲ့တ‌စ်ပြေးညီ အရေးပေါ် ပို့ဆောင် ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *