October 4, 2024

◾ မူးယစ်ဂိုဏ်းများက မြန်မာနိုင်ငံရှိ လက်နက်ကိုင်များနှင့် မဟာမိတ်ဖွဲ့ဖြန့်ဖြူးနေသည့်အပြင် ရှမ်းနှင့်ကချင်ရှိ လက်နက်ကိုင်များက မူးယစ်ဆေးဝါးစမ်းသပ်ထုတ်လုပ်သည့် ဓာတ်ခွဲခန်းပါရှိနေ

၃.၁၀. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် စစ်ပွဲများက နယ်စပ်ဖြတ်ကျော်ပြီးလုပ်ဆောင်နေသည့် မူးယစ်ကုန်သွယ်မှုများကို မြင့်တက်လာစေခဲ့သလို မူးယစ်ဂိုဏ်းများက မြန်မာနိုင်ငံရှိ လက်နက်ကိုင်များနှင့် မဟာမိတ်ဖွဲ့ဖြန့်ဖြူးနေသည့်အပြင် ရှမ်းနှင့်ကချင်ရှိ လက်နက်ကိုင်များက မူးယစ်ဆေးဝါးစမ်းသပ်ထုတ်လုပ်သည့် ဓာတ်ခွဲခန်းပါရှိနေသည်ဟု ထိုင်း မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်းသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းရန် အဓိကလမ်းကြောင်းအဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတင်ပို့မှုများသည် မဲခေါင်မြစ် သို့မဟုတ် တောတောင်များကိုဖြတ်သန်းပြီး စိတ်ကြွမူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံဘက်ခြမ်းသို့တင်ပို့နေကြောင်း ထိုင်းမူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ဖြစ်သော ONCB  ၏တာဝန်ရှိသူ Apikit Ch.Rojprasert က ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါးနှင့်ဆက်နွယ်ပြီး ရာဇဝတ်မှုကျူးလွန်နေသော ကွန်ရက်များသည် မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဖွဲ့စည်းထားပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များရှိ လက်နက်ကိုင်အဖွဲ့များသည် မူးယစ်ဆေးဝါး စမ်းသပ်ထုတ်လုပ်နေသာ ဓာတ်ခွဲခန်းများရှိနေကြောင်းလည်း ၎င်းက ပြောသည်။

ONCB  ၏တာဝန်ရှိသူတစ်ဦးက” မြန်မာနိုင်ငံမှာလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့အတွက် မူးယစ်ကုန်သွယ်မှုတွေဟာ စစ်လက်နက်ပစ္စည်းဝယ်ယူဖို့ငွေကြေးအထောက်ပံ့တွေရအောင် အဓိကအသုံးပြုတဲ့အကြောင်းအရင်းတစ်ခု ဖြစ်စေခဲ့တယ်။ မူးယစ်ကုန်သွယ်မှုတွေဟာ တိုက်ပွဲတွေဖြစ်စေတဲ့အကြောင်းအရင်းလည်း ဖြစ်စေခဲ့တယ်။ အိမ်နီးချင်းနိုင်ငံတွေက မူးယစ်ကုန်သွယ်မှုသူတွေနဲ့ ဆက်နွှယ်ပြီး ပူးပေါင်းဆောင်ရွက်တာ၊ ရာဇဝတ်မှုကျူးလွန်တာတွေကို သတိထားမိပါတယ်။” ဟုပြောသည်။

ထိုင်းအစိုးရသည် နိုင်ငံမြောက်ပိုင်းဖြစ်သော ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဟောင်ဆန်အရပ်ဒေသများတွင် ယခုနှစ် ပထမ ၈ လအတွင်း စိတ်ကြွဆေးပြားအများအပြားဖမ်းဆီးရမိခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သော စိတ်ကြွဆေးပြားအရေအတွက်ထက် ၁၇ ရာခိုင်နှုန်းမြင့်တက်နေကြောင်း ONCB အဖွဲ့ကဖော်ပြထားသည်။ ONCB အဖွဲ့သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် တစ်နှစ်တည်းအတွင်း စိတ်ကြွဆေးပြား အရေအတွက် ၃၄၆ သန်းကျော်ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ်မကုန်ခင် ဖမ်းဆီးရမိမှုက ယခင်ထက်ပိုမိုမြင့်တက်နေကြောင်း သိရသည်။

REF , thailandnews

Leave a Reply

Your email address will not be published. Required fields are marked *