October 4, 2024

၂.၁၀.၂၀၂၄
Written By ZUn

AA သိမ်းထားသည်ဆိုသော ချင်းပြည်နယ် ပလက်ဝမြို့၊ပလက်ဝဆေးရုံမှ ဆရာဝန်တစ်ဦးကို AA က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်ကပင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကိုလည်း မသိရသေးကြောင်း အဖမ်းခံရသည့်ဆရာဝန်၏ မိသားစုပြောစကားကို ကိုးကား၍ ချင်းဒေသတွင်း သတင်းများက ရေးသားကြသည်။

အဖမ်းခံရသူမှာ သွားဖက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာအေးကျော် ဖြစ်ပြီး ယင်းနှင့်အတူ အခြား ၂ ဦးလည်း ဖမ်းဆီးခံရကြောင်း သိရသည်။

AA အနေဖြင့် အဆိုပါပလက်ဝမြို့ကို သိမ်းပိုက်ပြီးသည့်ဟုကြေညာပြီးနောက်ပိုင်း ဒေသခံများအား ခြိမ်းခြောက် လုပ်ဆောင်နေမှုများရှိနေသောကြောင့် ချင်းတိုင်းရင်းသား အများစုက မလိုလားဖြစ်နေသော်လည်း ကြောက်ရွံ့နေကြ၍ ထုတ်ဖော်ပြောဆိုမှုများ မပြုလုပ်ကြကြောင်းလည်း သိရသည်။

ယင်းကြောင့် ယခု ဒေါက်တာအေးကျော်အား ဖမ်းဆီးခြင်းမှာ ချင်းတိုင်းရင်းသား ပလက်ဝဒေသခံများဘက်က ရပ်တည်နေသောကြောင့် ဖြစ်နိုင်ကြောင်း ပလက်၀ ဒေသခံတစ်ဦးက MT News ကို သုံးသပ်ပြသည်။

“AA က ပလက်ဝပြည်သူလူထုတွေကို ဘယ်လိုအကြမ်းဖက်သလဲဆိုတာက တခြားတိုင်းရင်းသားတွေ မသိကြသေးဘူး။ သူတို့သိတာက AAဟာ စစ်တပ်ကိုတိုက်ပြီးမြို့တွေ သိမ်းနိုင်တယ်။ ဒါကြောင့် ချီးကျူးတယ်ပဲ ပြောနေကြတာလေ။ တကယ်တမ်း ပလက်ဝမှာ ခံနေရတဲ့ ပလက်ဝ ပြည်သူတွေပဲလေ။ ဒေသခံတွေက မပြောရဲ ဘူး။ ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာကိုး။ဒါကြောင့် ကျွန်တော် ချင်းတိုင်းရင်းသားတစ်ယောက် အနေနဲ့ ကျွန်တော်တို့ ချင်းတိုင်းရင်းသားဖြစ်တဲ့ ပလက်ဝဒေသခံတွေကို AA ရဲ့ ခြိမ်းခြောက်နေတာခံရတဲ့ဘ၀ ကနေ ကူညီဖြေရှင်းပေးစေချင်တယ်။ အခု ဒေါက်တာအေးကျော်ဆိုတာလည်း လူချစ်လူခင်များတဲ့ နာမည် ကောင်းရှိတဲ့ ဆရာဝန်ပဲ။ လူတိုင်းကို မေးလို့ရတယ်။ ပလက်ဝမှာ။ အခု ဘယ်မှာဖမ်းထားသလဲ။ ဘာကြောင့်ဖမ်းတာလဲ မသိရဘူး။ ဒါပေမဲ့ ဒေါက်တာက ချင်းတိုင်းရင်းသားတွေဘက်က ရပ်တည်နေသူဖြစ်တာကြောင့် ဒေသခံတွေဘက်က ရပ်တည်မှုရှိနေတာကြောင့် ဖမ်းတယ်လို့ပဲ အများက ပြောနေကြတယ်။ ကျွန်တော်လည်း ဒါကြောင့်ပဲ ထင်တာပဲ”ဟု ယင်းက MT News ကို အောက်တိုဘာလ ၂ ရက် ညပိုင်းတွင် လူမှုကွန်ရက်က တစ်ဆင့် ပြောပြသည်။

AA ဘက်လိုက်မီဒီယာအချို့တွင် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထားသည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် AA က ပလက်ဝမြို့ပြည်သူ့ဆေးရုံတွင် ဒေါက်တာအေးကျော်အားတာဝန်ခံဆရာဝန်အနေဖြင့် ခန့်အပ်ထားကြောင်း၊ ယခုအဖမ်းခံရသည်မှာ ကုန်သွယ်ရောင်းဝယ်ရေးလုပ်ငန်းကိစ္စများကြောင့် AA က စစ်ဆေးမှုများပြုလုပ်ရန် ဖမ်း ထားသည်ဟုယူဆရကြောင်း တစ်ဖက်သတ်ရေးနေကြပြီး AA က ပလက်ဝဒေသခံများအပေါ် ခြိမ်းခြောက်မှု များ ပြုလုပ်နေသည့်အကြောင်းကိုမူ ရေးသားခြင်း မတွေ့ရပေ။

ပလက်ဝဒေသတွင်း ဝင်ရောက်အခြေချနေထိုင်သော AA အနေဖြင့် ချင်းတိုင်းရင်းသားများအပေါ် အမျိုးမျိုးအနိုင် ကျင့်စော်ကားမှုများ ပြုလုပ်နေသောကြောင့် ယင်းနေရာမှ အမြန်ဆုံးထွက်ခွာပေးရန် ချင်းတိုင်းရင်းသားများက ဆန္ဒပြတောင်းဆိုနေကြခြင်းလည်းဖြစ်သည်။

ထို့အတူ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့တွင် ချင်းစစ်ဘေးရှောင်များ ဦးဆောင်၍ ချင်းပြည်နယ်အတွင်းမှ AA လက်နက်ကိုင်အဖွဲ့များ ထွက်ခွာသွားရန် ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်က တောင်းဆိုဆန္ဒပြမှုတစ်ခုကို ပြုလုပ်ခဲ့ကြကြောင်း MT News တွင် ဖော်ပြခဲ့သေးသည်။

ပုံစာ။ AA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခံရသော ဆရာဝန် (Photo-CJ)

Leave a Reply

Your email address will not be published. Required fields are marked *