October 4, 2024

ဖြိုးဝေ
၂. ၁၀. ၂၀၂၄

MNDAA ကို အကြမ်းဖက်အဖွဲအဖြစ်ကြေညာပြီးနောက် လားရှိုးမြို့ဟာ စက်တင်ဘာလအတွင်းမှာ ၁၁ ကြိမ်လောက် လေကြောင်းတိုက်ခိုက်ခံရသလို MNDAA လက်နက်ကိုင်တွေ ရာနဲ့ချီသေဆုံးတယ်လို့ သတင်းထွက်ခဲ့ပေမဲ့ MNDAA ကတော့ ထုံးစံအတိုင်း ပြည်သူပဲထိခိုက်တယ်လို့ ပြောခဲ့တာ မြင်ရပါတယ်။

အခြားတစ်ဖက်မှာလည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု စတင်လိုက်တာ၊ အရက်သေစာသောက်စားထားတဲ့ စစ်သင်တန်းကျောင်းအုပ်နဲ့ သင်တန်းဆရာတွေရဲ့ Happy Mission ကြောင့် KNDF ဆေးတပ်သား ၁၈ ဦး တောင်ကျ ချောင်းရေထဲ မျောပါ သေဆုံးခဲ့ရတယ်လို့ အစီရင်ခံတာ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုရရှိစေဖို့ အဆင့်လိုက်ဆောင်ရွက်သွားရမယ် အရေးအကြီးဆုံး အချက်ဟာ ဘယ်သူကမှ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့ဖြစ်တယ်လို့ ရုရှားဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ပ်ကို ပြောကြားလိုက်တာ၊ အွန်လိုင်းလိမ်လည်မှု လာလုပ်ဆောင်တဲ့ တရုတ်တွေအပါအဝင် နိုင်ငံခြားသား ၅၄၀၀၀ ကျော်ကို နယ်နှင်ဒဏ်ပေးလိုက်တာ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘီလာရုစ်နိုင်ငံမှာ နွေးထွေးစွာကြိုဆိုခွင့်ရလိုကြောင်း သမ္မတလူကာရှန်ကို ထုတ်ဖော်ပြောဆိုလိုက်ချိန်မှာပဲ အဂတိမှုတွေ မဲမသမာမှုတွေနဲ့ ထောင်နှစ်ရှည်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်မှာ ခို​လှုံနေထိုင်ခွင့်ပေးမယ်လို့ ပုပ်ရဟန်းမင်းကြီး ပြောလာတဲ့ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ဂျပန် – မြန်မာ ဆက်ဆံရေးအပေါ် ဂျပန်အစိုးရက သံတမန်ဆက်ဆံရေး အဆင့်လျှော့ချလိုက်တဲ့အကြောင်း၊ မြန်မာနိုင်ငံမတည်ငြိမ်ဖို့ NUG ကို နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ပေးနေတဲ့ အမေရိကန်အကြောင်းနဲ့ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်မှုအကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

◾ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချလိုက်တဲ့ ဂျပန်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိုင်ချီရို မာရူယာမာက ပြီးခဲ့တဲ့ရက်ပိုင်းမှာ မိခင်နိုင်ငံဆီ ပြန်သွားခဲ့သလို ဂျပန်အစိုးရက သူ့နေရာမှာ အစားထိုးဖို့အတွက် သံအမတ်ကြီးအသစ်တစ်ဦး ထပ်မံစေလွှတ်မှာမဟုတ်ဘူးလို သိရပြီး ဒီအပြုအမူဟာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံနဲ့ သံတမန်ရေးအဆင့်လျှော့ချဆက်ဆံလိုက်မှုလို့ သိရပါတယ်၊ ဒီလို အဆင့်လျှော့ချမှုက မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ဂျပန်စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုတွေ ဖြစ်လာဖွယ်ရှိနေတယ်လို ဂျပန်အခြေစိုက် Japan Today မီဒီယာက ဖော်ပြထားပါတယ်။ အိုင်ချီရို မာရူယာမာက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအဖြစ် ၂၀၁၈ ခုနှစ်မှာ ခန့်အပ်ခံခဲ့ရပြီး စက်တင်ဘာ ၂၇ ရက်မှာ မိခင်နိုင်ငံ ပြန်သွားခဲ့ပြီးနောက် သံရုံး ဒုတိယအကြီးအကဲတစ်ဦးဖြစ်သူ ရှိဂို ယိုရှီတာကီက မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးရဲ့ ယာယီတာဝန်ခံအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့လပိုင်းထဲက ဆန်စျေးကို အမြတ် ၇၀ ရာခိုင်နှုန်းအထိ အဆမတန်အမြတ်ကြီးစားပြီး စျေးတင်ရောင်းတဲ့ Aeon Orange က ဒါရိုက်တာ ဂျပန်နိုင်ငံသား ဟီရိုရှိ ကာဆာမတ်ဆုကို ဖမ်းဆီးကတည်းက နစကနဲ့ ဆက်ဆံရေးအဖုအထစ်ဖြစ်လာတာဖြစ်ပြီး အမြတ်ကြီးစားတဲ့ ဂျပန်နိုင်ငံသားကို ထောင်ချပေမဲ့ ချက်ချင်းပြန်လွှတ်ခဲ့တာတောင် မကျေမချမ်းနိုင်ဘဲ သံတမန်ဆက်ဆံရေးအဆင့်လျှော့ချတဲ့ အနေအထားကို မြင်ရတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ လပိုင်းထဲမှာ သီလဝါအထူးစီးပွားရေးဇုန်နားက လုံခြုံရေးတပ်ဖွဲ့ကို PDF တွေ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းကလည်း ဂျပန်စီးပွားရေးလုပ်ငန်းတွေ မလုံခြုံဘူးဆိုတဲ့ ယူဆချက်အမြင်လည်းဖြစ်စေခဲ့တယ်လို့ ခန့်မှန်းကြမှုလည်း ရှိနေပြန်ပါတယ်။ ဒ့ါအပြင် ဂျပန်နိုင်ငံဆီပြန်သွားခဲ့တဲ့ သံအမတ်ကြီးနေရာမှာ သံအမတ်ကြီးအသစ်အစားထိုးမယ်ဆိုရင် ခန့်အပ်လွှာကို နစကအစိုးရဆီမပေးချင်တဲ့ ဂျပန်ရဲ့ စိတ်အခံကို မြင်ရပြန်ပါသေးတယ်။ တကယ်တော့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့အတွက် အမေရိကန်နဲ့ ဂျပန်တို့ တစ်ချိန်လုံးပြောနေပေမဲ့ နစကအစိုးရကိုယ်တိုင် ရွေးကောက်ပွဲမဖြစ်မနေလုပ်မယ့်အကြောင်းနဲ့ လုပ်မယ့်အချိန်အပိုင်းအခြားကိုလည်း သိရချိန်မှ နစကကိုယ်တိုင်လည်း ရွေးကောက်ပွဲလမ်းကြောင်းလာကြဖို့ အကြမ်းဖက်အဖြစ်သတ်မှတ်ထားတဲ့ PDF ကအစ ဖိတ်ခေါ်နေချိန်မှ ဂျပန်က သံတမန်ဆက်ဆံရေးအဆင့်လျှော့ချတာက ထူးဆန်းသလို မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို အမှန်တကယ်လက်မခံလိုဘူးလားလို့လည်း မေးစရာ တွေးစရာတွေ ရှိနေခဲ့ပါတယ်။

◾ NUG ကို နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ပေးနေတဲ့ အမေရိကန်

“MNDAA နှင့် TNLA လက်နက်ကိုင်သောင်းကျန်းသူတို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ပြီး မြန်မာအစိုးရအား တိုက်ခိုက်သည်။ NUG သည် အမေရိကန်၏ အထောက်အပံ့ကို နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ခန့် ရရှိနေသည်။ အမေရိကန်မှ မြန်မာ့ပြည်တွင်းရေး မတည်မငြိမ်ဖြစ်အောင် နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ ခန့်ကို သုံးစွဲနေသည်မှာ ထင်ရှားသည်။ မြန်မာ့ပြည်တွင်းရေးကို အမေရိကန်က ထိုသို ငွေကုန်ခံဆောင်ရွက်နေခြင်းမှာ မြန်မာနိုင်ငံအတွင်း အမေရိကန်၏ အကျိုးစီးပွားများရှိ၍မဟုတ်ပေ။ ၎င်းတို့၏ အဓိကပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံအား ထိုးနှက်နိုင်ရန်သာ ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး အဓိကဆောင်ရွက်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော စီးပွားရေးလုပ်ငန်းများစွာရှိသည်။ တရုတ်နိုင်ငံအား ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံအား ပစ်မှတ်ထားနေခြင်းဖြစ်သည်။”လို့ နစက ဘက်က ဒီတစ်ပတ်ထဲမှာ အမေရိကန်ဆီကနေ NUG က ဒေါ်လာ သန်း ၂၀၀ လောက် နှစ်စဉ်ရနေပြီး ဒီလိုရတာနဲ့တန်အောင် NUG က မြန်မာနိုင်ငံမတည်ငြိမ်ရေးလုပ်နေတယ်လို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။

ဒီနေရာမှာ ရယ်စရာတစ်ခုလည်းရှိနေတာ တွေ့ရပြီး MNDAA နဲ့ NUG က သူတို့ ဒေါ်လာ သန်း ၂၀၀ မရပါဘူးလို့ ထ ငြင်းခဲ့တာပါ။ တကယ်တော့ နစက သတင်းထုတ်ပြန်ချက်မှာပါဝင်တဲ့ ဆိုလိုရင်းဟာ အမေရိကန်က ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲထောက်ပံ့တဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act–NDAA) (H.R.7900) အရ နှစ်စဉ်ထောက်ပံ့တာနဲ့ ၂၀၂၇ အထိ သက်တမ်းရှိမဲ့ “BURMA Act of 2022” နဲ့ ဒီမိုကရေစီအရေးအတွက် သန်းရာနဲ့ချီ ထောက်ပံ့နေတာကို ဆိုလိုတာဖြစ်ပြီး ၂၀၂၂ NDAA မှာ ဒေါ်လာ ၂၀၄ သန်း၊ ၂၀၂၃ ခုနှစ်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဌာနက ဒေါ်လာ သန်း ၅၀ ဖိုးနဲ့ အခြားဌာနတစ်ခုက ဒေါ်လာ ၄ သန်း စုစုပေါင်း ဒေါ်လာ ၅၄ သန်းကူညီမယ့် အခြေအနေရှိခဲ့သလို မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်အတွင်း လူသားချင်း စာနာမှုအထောက်အပံ့ဆိုပြီး ဒေါ်လာသန်း၂၂၀ လည်း ခွင့်ပြုခဲ့တာတွေကို အရင်တုန်းက NUG နဲ့ PDF တွေကို ပေးတာဆိုပြီး တော်လှန်ရေးအဖွဲ့ဆိုသူအားလုံးက ပျော်ခဲ့ကြတဲ့ အခြေအနေတစ်ခုကို ရည်ညွှန်း ဆိုလိုတာပါ။ လက်တွေ့မှာလည်း “BURMA Act of 2022” အရ အမေရိကန်ဟာ မြန်မာ့ဒီမိုကရေစီအရေးခေါင်းစဉ်အောက်ကနေ NUG နဲ့ PDF တွေကို နည်းပညာနဲ့ အခြားသောခေါင်းစဥ်တွေအောက်မှာ နှစ်စဉ်သန်းရာချီထောက်ပံ့နေဆဲဖြစ်ပြီး ဒီဥပဒေကလည်း ၂၀၂၇ အထိ ထောက်ပံ့နေမှာပါ။ ဒါကြောင့်လည်း အမေရိကန်ဘက်က မြန်မာနိုင်ငံမတည်ငြိမ်အောင်လုပ်ဖို့ NUG ကို သန်း ၂၀၀ ခန့် ထောက်ပံ့နေတယ်ဆိုတာကို မငြင်းခဲ့တာပါ။

ဒီလိုမျိုး မြန်မာနိုင်ငံမတည်ငြိမ်ဖို့ အမေရိကန် ပေးကမ်းမှုကို ဒေါ်ဇင်မာအောင်က ဝန်ခံခဲ့ပေမဲ့ NUG က ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ MNDAA တို့ကတော့ တရုတ်အထင်လွဲမှာကြောက်လို့ သူတို့မရဘူးလို့ ထငြင်းတာ အံ့ဩစရာဖြစ်သလို သူတို့ငြင်းသလိုသာ မှန်တယ်ဆိုရင် အမေရိကန်ရဲ့ NDAA ဟာ ဒီမိုကရေစီအမည်တပ်ပြီး သူ့နိုင်ငံသားတွေ ငွေဖြုန်းဖို ဟပေးထားတဲ့ NUG နဲ့ PDF ပြဆန်တောင်းမှုလား၊ ဒါမှမဟုတ် NUG က ထိပ်ပိုင်းဝန်ကြီးတွေ အမတ်ဆိုသူတွေရဲ့ မိသားစုလိုက် အမေရိကန်နဲ့ တတိယနိုင်ငံကြီးတွေမှာ ဘ၀အခြေခိုင်ဖို ဒီမိုကရေစီနာမည်တပ်ပြီး ငွေနဲ့လိုအပ်တာထောက်ပံ့မှုကို မြန်မာ့ဒီမိုကရေစီအရေးခေါင်းစဥ်အောက်က လုပ်ပေးနေသလားဆိုတာကတော့ အမေရိကန်နဲ့ NUG ကလွဲရင် ဘယ်သူမှ မဖြေနိုင်တဲ့ မေးခွန်းဖြစ်ပါလိမ့်မယ်။

◾ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်မှု

PDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေအားလုံး အနေနဲ့ လက်နက်ကိုင်အကြမ်းဖက်မှု စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကနေ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်နိုင်‌တယ်လို့ SAC ကမ်းလှမ်းလိုက်ပေမဲ့ ထုံးစံအတိုင်း လက်နက်ကိုင်တွေကတော့ ငြင်းဆန်မှုပဲ ပြုခဲ့တာကို မြင်ရပါတယ်။

SAC ရဲ့ ဖိတ်ခေါ်မှုနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “ဒါက နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ နစ်နာမှုတွေပဲဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွေကို များစွာထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီကြေညာချက်ကို ထုတ်ခြင်းဖြစ်ပါတယ်။ ဒီကြေညာချက် ထုတ်ပြန်ရခြင်း အကြောင်းတွေကတော့ (၁) ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေ (၂) ပြောင်းလဲလာတဲ့ နိုင်ငံတကာအခြေအနေ (၃) ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေကြောင့်ပဲဖြစ်ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီလိုမျိုး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်တာကို မြို့တွေသိမ်းထားနိုင်လို့ စစ်နိုင်နေတယ်ထင်နေတဲ့ KIA က ဂွမ်မော်ဟာ ပထမဆုံး ပျက်ရယ်ပြုခဲ့သလို NUCC ၊ NUG နဲ့ တခြားသော လက်နက်ကိုင်တွေ အားလုံးလိုလိုကလည်း လက်မခံတဲ့သဘော တုံ့ပြန်မှုအပြင် ရွေးကောက်ပွဲအတွက် ရည်ရွယ်ထားတဲ့ လက်ရှိသန်းခေါင်စာရင်း ကောက်ခံမှုကိုပါ တိုက်ဖျက်မယ်လို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။ လက်ရှိအခြေအနေဟာ ရမခနဲ့ မြို့ ၈၀ လောက် လက်လွှတ်ထားရချိန်မှာ စစ်ရေးအသာရနေတယ်လို့ ထင်ကြတာမို့ ငြင်းဆန်တယ်ဆိုတဲ့အခြေအနေလည်း တွေ့ရပြီး ဒီငြင်းဆန်မှုတွေကတော့ စစ်ဘောင်ချဲ့မယ့် စိန်ခေါ်မှုသဘော သက်ရောက်တာလည်း မြင်ရပါတယ်။ သေချာတာကတော့ NUG ၊ PDF နဲ့ တခြားသော လက်နက်ကိုင်တွေ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မြန်မာနိုင်ငံနဲ့ ပြည်သူရဲ့ ထွက်ပေါက်ဖြစ်လာတဲ့ ရွေးကောက်ပွဲကတော့ မဖြစ်မနေကို လုပ်ရပါလိမ့်မယ်။ ရွေးကောက်ပွဲဖြစ်လာလို့ နိုင်ငံတကာက လက်ခံတဲ့ အစိုးရသစ်တစ်ရပ်တက်လာရင် တည်ငြိမ်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့ဘက်ခြမ်းက ဒီမိုကရေစီ၊ လွှတ်တော်လမ်းကြောင်းကသွားပြီး နိုင်ငံရေးပြဿနာကို လက်နက်နဲ့ဖြေရှင်းချင်တဲ့ စစ်သွေးကြွဘက်ခြမ်းကတော့ စစ်အုပ်ချုပ်ရေးနဲ့ လက်နက်နဲ့ပဲ ဆက်ရှင်းကြရမှာလည်း အသေအချာပါပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းချင်ဘူး၊ ရွေးကောက်ပွဲတိုက်ဖျက်မယ်လို့ အကြမ်းဖက်အဖွဲ့အစည်းတွေက ဆန့်ကျင်ဘက် ထုတ်ပြန်တာနဲ့ အစိုးရတစ်ရပ်က လုပ်မယ်လို့ ကတိပြုပြီးသား ရွေးကောက်ပွဲဖျက်စရာမလိုတာမို့ မကြာခင်မှာ မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲဖြစ်တဲ့နေရာက ဒီမိုကရေစီစနစ်နဲ့သွားပြီး စစ်ဆက်ဖြစ်ချင်တဲ့ဒေသဘက်က စစ်အုပ်ချုပ်ရေးတွေ တိုက်ပွဲတွေနဲ့ ဆက်သွားမဲ့ အခြေအနေမြင်ရလို့ စစ်လိုချင်သူတွေက အနှစ် ၂၀ လောက် ကျည်ဆံတွေ၊ ဗုံးဆံတွေ ထိမှန်ခံရနိုင်တဲ့ဘဝအတွက် တွေးဆပြင်ဆက်လက်ရေတွက်ဖို့သာ ကြံထားကြပါလို့ ဖြစ်နိုင်ချေ သတိပေးရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *