October 4, 2024

ဖြိုးဝေ
၂. ၁၀. ၂၀၂၄

ပြီးခဲ့တဲ့ ၂ နှစ်ကျော်က တင်ပို့ထားတဲ့ ပို့ကုန်ရငွေတွေ
ကိုပါ ၇၅ ရာခိုင်နှုန်းအထိ ရောင်းချနိုင်ဖို့ ဖြေလျှော့ထားပြီးဖြစ်လို့ သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေတွေ အမြန်ဆုံးပေးသွင်းဖို့နဲ့ ပျက်ကွက်မယ်ဆို အရေးယူမယ်လို့ ဗဟိုဘဏ်က ထပ်မံသတိပေးလိုက်ချိန်မှာပဲ ကုမ္ပဏီ ၆၀ လောက်က ပို့ကုန်ရငွေတွေ ပြန် သွင်းလာတဲ့ဖြစ်စဉ်တွေ ဒီတစ်ပတ်မှာ မြင်ခဲ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း အခုနှစ်အတွင်း တရုတ်နိုင်ငံကို ပိုက်လိုင်းကတစ်ဆင့် ဓာတ်ငွေ့အများဆုံးတင်ပို့နေတဲ့ ထိပ်ဆုံးသုံးနိုင်ငံမှာ မြန်မာနိုင်ငံ ပါဝင်နေတဲ့ဖြစ်စဥ်တွေ၊ အခြားတစ်ဖက်မှာလည်း မိတ္ထီလာကို နေပြည် တော်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ်လို့ SAC ပြောလာတာ၊ စပိန်နိုင်ငံထုတ် လေအေးပေးစနစ်ပါ DEMU တွဲဆိုင်းအသစ်တွေနဲ့ ပဲခူး-ရန်ကုန်-ပဲခူး ရထားခရီးစဉ် စတင်ပြေးဆွဲ​တာ၊ သီတင်းကျွတ်ခါတော်မီမြန်မာ့ရိုးရာ ရောင်စုံမီးပုံးလုပ်ငန်းဟာ တရုတ်ထုတ်ကုန် မယှဥ်နိုင်တာကြောင့် လုပ်ကိုင်သူက ကြည့်မြင်တိုင်၊ ဗားကရာမှာ ဒီရာသီအတွက် နှစ်ဦးပဲရှိနေသေးတာ၊ ၂၀၂၄ ခုနှစ် ငါးလအတွင်း မြန်မာနိုင်ငံကို ပြည်ပခရီးသွား ငါးသိန်းကျော်ဝင်ရောက်ခဲ့ပြီး အရင်နှစ်ထက် ပိုမိုဝင်ရောက်လာနိုင်တယ်ဆိုတဲ့ဖြစ်စဥ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့
ရေဘေးဒဏ်သင့်ဒေသတွေ ခြောက်လအတွင်း ပြန်လည်ထူထောင်‌မယ်ဆိုတဲ့ဖြစ်စဥ်တွေ၊ တစ်လနှစ်ကြိမ်ဖွင့်မဲ့ အွန်လိုင်းထီဖွင့်မယ်ဆိုတာနဲ့ ဒေါ်လာစျေး ကျဆင်းလာတဲ့ အခြေအနေတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။

◾ ငါးလကျော်နဲ့ အပြီးထူထောင်မယ့် ရေဘေး

တိုင်ဖွန်းမုန်တိုင်းရာဂီအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့ရေကြီးရေလျှံတာ မြေပြိုတာကြောင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်း စာရင်းအရ နိုင်ငံတဝှမ်းမြို့နယ် ၁၁၀ မြို့နယ်က လူနေအိမ် ၁၁၅၀၀၂ လုံး၊  ရုံးဌာနအဆောက်အဦ ၁၂၉ လုံး၊ စာသင်ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေးကျောင်း ၂၂၈ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ၇ သိန်း ၈ သောင်းကျော် ထိခိုက်ပျက်စီးခဲ့သလို လူ သေဆုံးသူ ၄၃၃ ဦး၊ မျောပါပျောက်ဆုံးသူ ၇၉ ဦးရှိခဲ့တဲ့အပြင် တိရစ္ဆာန်သေဆုံးမှု ၁၇၆၂၄၆ ကောင်အထိ ရှိခဲ့ပါတယ်။

ဒီထိခိုက်မှုဟာ ရာဂီမုန်တိုင်းကြောင့်ထိခိုက်တဲ့ အာဆီယံနိုင်ငံတွေထဲ အဆိုးဆုံးဖြစ်သလို ဗဟိုအစိုးရအာဏာစက်အောက်က လွတ်မြောက်နေတဲ့ မြို့နယ်တွေပေါင်းမယ်ဆိုရင် ပျက်စီးသေဆုံးမှုက မြင့်လာဖွယ်ရှိနေပြီး ဥပမာအားဖြင့် ကယားလက်နက်ကိုင် KNDF က စစ်သင်တန်းဆရာတွေ အရက်သောက်ပြီး တောင်ကျချောင်းဖြတ်ကူးခိုင်းလို့ KNDF လက်နက်ကိုင် ၁၈ ယောက်သေဆုံးရတာမျိုးကို နိုင်ငံသားအနေနဲ့ ထည့်တွက်မယ်ဆို သေဆုံးဒဏ်ရာရမှုကလည်း မြင့်တက်လာဦးမယ် အခြေအနေပါ။ ရာဂီအဖျားခတ်မှုကြောင့်ဖြစ်တဲ့ ရေကြီးရေလျှံမှုဟာ မြန်မာနိုင်ငံကို တိုက်ရိုက်တိုက်ခတ်တဲ့ မိုခါထက်ကို လူသေဆုံးမှုများပေမဲ့ အဆိုးထဲက အကောင်းကတော့ ပြည်သူအချင်းချင်း ကူညီဝိုင်းမမှုတွေ တစ်ကျော့ပြန်မြင်ခဲ့ရသလို လုပ်ငန်းရှင်ကြီးတွေကလည်း ဝိုင်းဝန်းလှူဒါန်းတာက ကျပ် ၄၂ ဘီလျံကျော်အထိရှိတဲ့အပြင် အစိုးရကလည်း ကျပ်ဘီလျံ ၃၀ သုံးစွဲပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးဦးမှာပါ။ ဒီထူထောင်မှုတွေကို ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်မတိုင်ခင် လုပ်ဆောင်မှာဖြစ်သလို ကမ္ဘာမှာ ဆက်လက်ဖြစ်နေတဲ့ ဟာရီကိန်းတွေ၊ တိုင်ဖွန်းတွေ၊ ဆိုင်ကလုန်းတွေဟာ မြန်မာနိုင်ငံအပေါ် ထပ်ပြီးမထိခိုက်တာကလည်း ကံကောင်းတယ်လို့ပဲပြောရတော့မှာပါ။

◾ တစ်လနှစ်ကြိမ်ဖွင့်မဲ့ အွန်လိုင်းထီ

တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်အဖွဲ့တွေ များလာတဲ့နောက်မှာ ဒီအဖွဲ့တွေ ရန်ပုံငွေအတွက် NUG ကစလို့ အောက်က သေးသေးမွှားမွှားလက်နက်ကိုင်တွေ တိုင်းရင်းသားလက်နက်ကိုင်တွေအကုန်လုံးက ထီဖွင့်နေချိန်မှာ အောင်ဘာလေထီကလည်း ရောင်းအားကျသွားတာ မြင်ရပါတယ်။ ဒါကြောင့်မို့လို့ ၂၀၂၃ ဇွန်လမှာ အွန်လိုင်းထီစရောင်းခဲ့တာမြင်ရပြီး ကနဦးရောင်းစမှာ အွန်လိုင်းထီက တစ်လတစ်ကြိမ်ပဲ အောင်ဘာလေထီနည်းတူ ဖွင့်ပေးခဲ့ပေမဲ့ အောက်တိုဘာ ၁၅ ရက်ကစ တစ်လနှစ်ကြိမ်ဖွင့်ပေးတော့မှာပါ။

ဒီလို တစ်လနှစ်ကြိမ်ဖွင့်ရာမှာလည်း အရင်တုန်းကလို အက္ခရာတစ်လုံး ဂဏန်းခြောက်လုံးအစား အက္ခရာတစ်လုံး ဂဏန်းငါးလုံးပြောင်းလဲတော့မယ့်အပြင် Jackpot စနစ်တွေလည်းပါလာမှာဖြစ်ပြီး ပထမဆုကြီးမထွက်မချင်း ဆုကြေးပေါင်းနေမှာဖြစ်တယ်လို့လည်း ကနဦးအစီအစဥ်တွေအရ သိထားရပါတယ်။ ဒီလိုမျိုး Jackpot ကို ဖွင့်ဖို့ရာအတွက်လည်း အမြင့်ဆုံး ထီဆုကို သုံးကြိမ်တိတိဖွင့်ပြီးလို့ မပေါက်မှ နောက်တစ်ကြိမ်ဆီပေါင်းပြီး ဒီလိုမျိုး ထပ်ပေါင်းမှုကို ၆ ကြိမ်အထိ လုပ်သွားမှာဖြစ်လို့ အမြင့်ဆုံး Jackpot ပေါက်သူဟာ သိန်း ၃၀၀၀ ပတ်လည်လောက်ရမဲ့ အခြေအနေလည်းဖြစ်ပါတယ်။ အောင်ဘာလေထီဆုငွေဟာ တခြားသော လောင်းကစားထီတွေ၊ တရားမဝင်ထီတွေလိုမဟုတ်ဘဲ ထီပေါက်သူအတွက် ဝင်ငွေရလမ်းနဲ့ အခွန်ကင်းလွတ်ခွင့်ပါ ရမှာဖြစ်လို့ ထီဝါသနာရှင်တွေအတွက်တော့ စိတ်လှုပ်ရှားစရာဖြစ်သလို ကျဆင်းလာတဲ့အောင်ဘာလေထီက နိုင်ငံ့ဝင်ငွေနေရာ ဖြည့်တင်းလာနိုင်မလားဆိုတာလည်း စောင့်ကြည့်ချင်စရာပါ။

◾ ကျဆင်းလာတဲ့ ဒေါ်လာစျေး

ဇူလိုင်လအတွင်းမှာ တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဒေါ်လာစျေးဟာ ဒီနေ့ အောက်တိုဘာ ၂ ရက်မှာတော့ တစ်ဒေါ်လာ ၄၅၀၀ လောက်ပဲရှိတော့ပြီး တစ်ဒေါ်လာကို ကျပ် ၂၅၀၀ အထက်ဝန်းကျင််အထိ ပြန်ကျလာတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ဒေါ်လာစျေးကျတာကို ကျစရာအကြောင်းမရှိဘူးလို့လည်း ဒေါ်လာစျေးကျလို့ မပျော်နိုင်သူတွေက ပြောကြပေမဲ့ ဒေါ်လာစျေးဟာ ပြည်သူကျပ်တည်းအောင် မတရားသဖြင့် ဆွဲအတင်ခံထားရလို့ မတန်တဆနှုန်းဖြစ်တဲ့ ၇၀၀၀ ကျော်အထိ တက်သွားခဲ့ရတာကို မေ့နေကြပုံပါပဲ။

တကယ့်လက်တွေ့မှာလည်း အစိုးရအကျပ်အတည်းဖြစ်ဖို့ ဒေါ်လာစျေးကစားပြီး လူထုအုံကြွစေချင်သူတွေပစ်မှတ်ဟာ တစ်ဒေါ်လာ ကျပ် ၁၀၀၀၀ အထိရောက်ဖို့ ဖြစ်ပေမဲ့ ပြည်သူလူထုက ဒေါ်လာစျေးကစားလည်း အုံကြွလာမဲ့အခြေအနေမရှိတာ၊ ဒေါ်လာစျေးကစားလို့ကျပ်ငွေတန်ဖိုးကျဆင်းမှုက ပြည်သူပဲတိုက်ရိုက်ထိခိုက်တာ၊ စတာတွေကြောင့် ပြည်သူက ဒေါ်လာစျေးကို မလိုအပ်ဘဲမဝယ်ကြချိန် ရေဘေးကြောင့် ဒေါ်လာကို စိတ်ဝင်စားမှုလျော့သွားချိန်မှာ အဓမ္မစျေးဆွဲတင်ခံထားရတဲ့ ဒေါ်လာစျေးဟာ ဒီနေ့ဒီအချိန်မှာ ဆက်တိုက်ပြန်ကျနေတာပါ။

ဒေါ်လာစျေးကျတာကြောင့် သုံးရာခိုင်နှုန်းကုန်သွယ်လုပ်ငန်းခွန်စကောက်တဲ့ ရွှေစျေးကလည်း ကျပ် ၆၂ သိန်းအထိ ပြန်ကျလာပြီး တစ်ပတ်အတွင်း ခုနစ်သိန်းနီးပါးကျခဲ့ပေမဲ့ မကျတာကတော့ ကုန်စျေးနှုန်းပါပဲ။ စားသောက်ကုန်တွေ စျေးမကျသလို ဆေးတွေ၊ ဓာတ်ဆီ၊ ဒီဇယ်စျေးတွေဟာ အမြင့်စျေးမှာ တင်းခံနေသလို စျေးအဆမတန်တက်ထားတဲ့ ဖုန်းတွေကလည်း ဒေါ်လာစျေးဆက်တိုက်ကျနေချိန်မှာကို ပြန်ကျမလာဘဲ တက်ရိပ်မျှော်နေတာကို တွေ့ရတာ ပြည်သူတွေအတွက်တော့ စိတ်မကောင်းစရာပါ။ လုပ်ငန်းရှင်တွေ စျေးကစားသူတွေဟာ ဒေါ်လာစျေးတက်ရင်သာ စက္ကန့်အလိုက် ကုန်စျေးနှုန်းလိုက်ပြောင်းပေမဲ့ တစ်ပတ်နှစ်ပတ်လောက် ဒေါ်လာစျေးပြန်ကျပြီး တစ်ဒေါ်လာ ၂၅၀၀ လောက် ဆင်းလာချိန်မှာတော့ ကုန်စျေးနှုန်းကိုတင်းခံပြီး လူထုအပူစာကို မြိန်ရေရှက်ရေစားသုံးဖို့၊ စျေးကစားဆွဲတင်ဖို့ပဲ ထိုင်စောင့်နေတာ ​စိတ်ပျက်ဖွယ်မြင်ရပြန်ပါတယ်။ ဒီလိုအောက်တန်းကျတဲ့သူတွေနဲ့ အလုံးစုံဖျက်ဆီးရေးသမားတွေကြောင့်ပဲ မြန်မာနိုင်ငံလည်း ဖွပ်သထက်ညစ်လာတာ သတိပြုမိဖို့နဲ့ ဒေါ်လာစျေးတက်ချိန်က နာရီနဲ့အမျှ ကုန်စျေးနှုန်းဆွဲတင်ခဲ့သူတွေ ကုန်စျေးနှုန်းကျချိန်မှာလည်း ချသင့်သလောက်ချပြီး ပြည်သူ့အပူစာကို သံသရာမှာ နင်တဲ့အထိ မစားမိကြပါစေနဲ့လို့ မေတ္တာရှေ့ထားတောင်းဆိုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *