October 4, 2024

◾️ ဒေါ်လာဈေးနှုန်းမှာလည်း တစ်ဒေါ်လာ ကျပ် ၄၅၅၀ သို့ ပြန်ကျဆင်းလာ

၂. ၁၀. ၂၀၂၄
Written by Nyein Kyaw

ဒေါ်လာဈေးပြန်လည်ကျဆင်းမှုနှင့်အတူ လိုက်ပါကျဆင်းနေသည့် ပြည်တွင်းရွှေဈေးနှုန်းသည် ရွှေရောင်းဝယ်မှုအပေါ် အခွန် ၃ ရာခိုင်နှုန်း စတင်ကောက်ခံနေသဖြင့် အရောင်းအဝယ်အေးနေပြီး အခေါက်ရွှေတစ်ကျပ်သ ကျပ် ၆၂ သိန်းအထိ ထပ်မံကျဆင်းလာခဲ့၍ တစ်ပတ်အတွင်း ကျပ် ၇ သိန်းကျဆင်းလာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ဖော်ပြထားချက်အရ ရွှေစင်၊ ရွှေတုံး၊ ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှရောင်းရငွေနှင့် ပြည်ပမှတင်သွင်းခြင်းတို့အတွက် ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်းအား အောက်တိုဘာ ၁ ရက်(ယမန်နေ့)မှ စတင်ကောက်ခံမည်ဖြစ်သည်။

“နိုင်ငံတော်က ကုန်သွယ်ခွန်လေ။ နိုင်ငံတော်ကနေပြီးတော့ ကုန်သွယ်ခွန်တံဆိပ်ကပ်ပေးရတာပေါ့။ ဝယ်တဲ့သူဆီကနေ့ မနေ့က စပြီးကောက်ပါတယ်” ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ပြည်တွင်း၌ ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် စက်တင်ဘာ ၂၇ ရက်မှစတင်၍ ကျပ် ၅၀၀၀ အောက်သို့ ဒုတိယအကြိမ်ကျဆင်းခဲ့ပြီးနောက် ဆက်တိုက်ကျဆင်းခဲ့ရာ ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၄၅၅၀ သို့ ထပ်မံကျဆင်းခဲ့သည်။

ယင်းကဲ့သို့ ဒေါ်လာဈေးနှုန်းကျဆင်းမှုနှင့်အတူ စက်တင်ဘာ ၂၅ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆၉ သိန်းအထိရှိခဲ့သော ပြည်တွင်းရွှေဈေးနှုန်းသည်လည်း စက်တင်ဘာ ၂၆ ရက်မှစတင်၍ ဆက်တိုက်ကျဆင်းခဲ့ရာ စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၆၄ သိန်းခွဲအထိကျဆင်းခဲ့သည်။

ပြည်တွင်း၌ ရွှေရောင်းဝယ်မှုအပေါ် အခွန်သုံးရာနှုန်း စတင်ကောက်ခံသည့် အောက်တိုဘာ ၁ ရက် (ယမန်နေ့)တွင် ၆၃ သိန်းသို့ ထပ်မံကျဆင်းခဲ့သလို ယနေ့တွင်လည်း ကျပ် ၆၂ သိန်းသို့ ထပ်မံကျဆင်းခဲ့ခြင်းဖြစ်သဖြင့် တစ်ပတ်အတွင်း ကျပ် ၇ သိန်းကျဆင်းခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သော ဒေါ်လာနှင့် ရွှေဈေးနှုန်းများမှာ စက်တင်ဘာ ၂၉ ရက်တွင် တစ်ဒေါ်လာ ကျပ် ၄၇၅၀ နှင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆၅ သိန်း၊ စက်တင်ဘာ ၃၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၄၇၇၀ နှင့် အခေါက်‌ရွှေတစ်ကျပ်သား ကျပ် ၆၄ သိန်းခွဲ၊ အောက်တိုဘာ ၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၄၇၀၀ နှင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆၃ သိန်း၊ အောက်တိုဘာ ၂ရက် (ယနေ့)တွင် တစ်ဒေါ်လာ ကျပ် ၄၅၅၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သာ ကျပ် ၆၂ သိန်းသို့ ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *