October 4, 2024

၂. ၁၀. ၂၀၂၄
Written by Nyein Kyaw

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို နိုင်ငံတစ်ဝန်း စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂,၀၀၀ ခန့်ဖြင့် ပြည်လုံးကျွတ်အဆင့် စတင်ဆောင်ရွက်နေပြီး သန်းခေါင်စာရင်း၏ ‌ရှေ့ပြေးလူဦးရေစာရင်းအား ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို နိုင်ငံတစ်ဝန်းစာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂,၀၀၀ ခန့်ဖြင့် အောက်တိုဘာ ၁၅ ရက်နေ့အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် စတင်ဆောင်ရွက်လျက်ရှိသည်။ သန်းခေါင်စာရင်းရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၃၀)ရက် ညသန်းခေါင်ယံ အချိန်ဖြစ်ပြီး အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ကို မေးမြန်းကောက်ယူမည်ဖြစ်ကာ ၂၀၂၄ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

အောက်တိုဘာ ၁ ရက် (ယမန်နေ့) နံနက်ပိုင်းမှ စတင်ကာ စာရင်းစစ်/ကောက်များသည် CAPI နည်းပညာဖြင့် Mobile Tablet များ အသုံးပြုကောက်ယူလျက်ရှိရာ ယနေ့မှာလည်း နေပြည်တော်ကောင်စီနယ်မြေအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် စာရင်းကောက်ကွက်ပေါင်း ၂၇၁ ကွက်ကို စာရင်းစစ်၊ စာရင်းကောက် ၂၃ ဦးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း ၁၀,၀၀၀ ကျော်တွင် စာရင်းစစ်၊ စာရင်းကောက်ဦးရေ ၈၀၀ ကျော်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင် အတွင်းရှိ မြို့နယ်ပေါင်း ၂၇ မြို့နယ်၌ စာရင်းကောက်ကွက်ပေါင်း ၁,၉၇၆ ကွက်တွင် စာရင်းစစ်၊ စာရင်းကောက် ဦးရေ စုစုပေါင်း ၁,၀၂၆ ဦးဖြင့် လည်းကောင်း ဆက်လက်ကောက်ယူလျက်ရှိသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း ၂,၆၈၃ ကွက်ကို စာရင်းစစ်၊ စာရင်းကောက်ဦးရေ ၁,၀၄၅ ဦးဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း ၁၁,၅၄၀ ကို စာရင်းစစ်၊ စာရင်းကောက်ဦးရေ ၄၂,၅၉ ဦးဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း ၃,၆၇၅ ကို စာရင်းစစ်၊ စာရင်းကောက် ၁၂၀၂ ဦးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း ၁၅,၆၈၆ ကွက်ကို စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း ၇,၀၇၇ ဦးဖြင့်လည်းကောင်း ရှမ်းပြည်နယ်အတွင်းရှိ စာရင်းကောက် ကွက်ပေါင်း ၇,၁၇၃ ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်၊ စေတနာ့ဝန်ထမ်း စုစုပေါင်း ၂,၉၀၉ ဦးဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း ၁၄,၂၉၆ ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း ၅,၄၇၈ ဦးဖြင့်လည်းကောင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လိုက်လံကောက် ယူသွားမည်ဖြစ်ရာ ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *