October 4, 2024

၂.၁ဝ.၂ဝ၂၄
Written by K Pyay Thein

EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့တူညီသောဘုံသဘောထားဆန္ဒက ဖက်ဒရယ်ကိုသွားဖို့ဖြစ်တယ်လို့ ရခိုင်ပြည်လွတ်‌မြောက်ရေးပါတီ ALP ဥက္ကဋ္ဌဖြစ်သူ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေအားလုံးက နိုင်ငံအဝန်းအဝိုင်း၊ ပြည်ထောင်စုအဝန်းအဝိုင်းထဲကနေ ခွဲထွက်သွားလိုတဲ့ဆန္ဒလည်းမရှိကြဘူးလို့လည်း သူက ဆက်ပြီးပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အားလုံးကဖက်ဒရယ်ကိုသွားချင်ကြတယ်။ ဖက်ဒရယ်ကိုသွားရမယ်ဆိုတာကိုလည်း အားလုံးက လက်ခံထားကြတယ်။မြောက်ပိုင်းက MNDAA အဖွဲ့သည်လည်း ဖက်ဒရယ်ကို သွားရမယ်ဆိုတာကို သူတို့လက်ခံထားပုံရတယ်။သူတို့က မြန်မာနိုင်ငံထဲက ခွဲထွက်မသွားဘူး။ ဒီနိုင်ငံရဲ့အဝန်းအဝိုင်းထဲကနေ ခွဲမထွက်ဘူးဆိုတာကိုလည်း သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် EAO အားလုံးရဲ့ဆန္ဒသည် ဖက်ဒရယ်ကိုသွားကြဖို့ ဆန္ဒရှိနေတာ တူညီနေတာကိုတွေ့ရပါတယ်”လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ဒါပေမဲ့လည်း ဖက်ဒရယ်စနစ်ကိုသွားတဲ့အခါမှာတော့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပုံစံလိုမျိုးဆိုတာတွေနဲ့ ကိုယ်ပိုင်စီမံခန့်ခွဲအုပ်ချုပ်တဲ့စနစ်ကို တောင်းဆိုတာမျိုးတော့ ရှိကောင်းရှိလာနိုင်တယ်လို့ ဒေါ်စောမြရာဇာလင်းက ထပ်လောင်းပြောပြပါတယ်။

“တစ်ခုရှိတာက EAO အချို့ကတော့ စီမံအုပ်ချုပ်တဲ့အခါမှာတော့ သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်လိုသူတို့က ရစေချင်တယ်။ အဲ့လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို ပုံစံမျိုးတွေ တောင်းဆိုလာတာမျိုးတော့ရှိနိုင်ပါတယ်”လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖို့အတွက် EAO အားလုံးပါ၀င်တဲ့ ဆွေးနွေးပွဲတွေဖြစ်ပေါ်လာ‌ရေးကိုလည်း NCA လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် EAO အဖွဲ့တွေက ကြိုးပမ်းနေတယ်လို့ သူက ပြောပါတယ်။

နစက ဘက်ကတော့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်‌တွေကို အရှိန်အဟုန်နဲ့ တည်ဆောက်လျက်ရှိတယ်လို့လည်း သတင်းထုတ်ပြန်မှုတွေလည်းရှိထားပါတယ်။ (Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *