October 4, 2024

◾ မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်အဖြေ ထွက်လာပါက ပုဒ်မတွေ ထပ်တိုးနိုင်ဟုဆို

၂ .၁၀. ၂၀၂၄
Written by Hey Mar

မွေးစားမိဘတွေရဲ့ ကိုယ်အင်္ဂါ ချို့ယွင်းပျက်စီး‌အောင် နှိပ်စက်ခံရတဲ့အပြင် မွေးစားအဖေရဲ့ မုဒိမ်းပြုကျင့်မှုပါ ခံထားရတဲ့ ပဲခူးရိုးမ တောင်ပေါ်ဒေသ ၊ ပေါက်တောကျေးရွာအုပ်စုက ငါးနှစ်အရွယ် သမီးငယ်ရဲ့ အမှုကို အုတ်တွင်းရဲစခန်းက အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးနေရာမှာ လတ်တလောအနေနဲ့ အဆိုပါမွေးမိဘနှစ်ပါးကို ရာဇသတ်ကြီး ပုဒ်မ ၃၄/၁၁၄ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ စတဲ့ အမှုနှစ်ခုနဲ့ စွဲဆိုထားပြီး အဆိုပါသမီးငယ်ကို စစ်ဆေးနေတဲ့ မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစစ်ချက် ထပ်မံထွက်လာရင်တော့ ထပ်တိုးပုဒ်မတွေ ရှိလာနိုင်လို့ အမှုကို ကူညီဆောင်ရွက်ပေးတဲ့ Save The Trees Rescue Team မှ တာဝန်ရှိသူထံက သိရပါတယ်။

“ဆေးစစ်တာက မနက်ဖြန်မှ အားလုံးအစုံရမယ်။ ရတဲ့ အချက်အလက်ကို ကျွန်တော်က မှုခင်းဆရာဝန်ကြီးဆီ ပို့ရမှာ။ မှုခင်းဆရာဝန်ကြီးကမှ အမှုစစ်တဲ့ အရာရှိကိုထပ်ပေးရမယ်။ အဲ့ဒီအခါကြမှ ထပ်တိုးပုဒ်မတွေ ဆောင်ရွက်‌လို့ရမှာ။ အမှုက ၃၇၆ ရယ် ၃၄/၁၁၄ ဒါအခုလတ်တလော။ မှုခင်း ဆရာဝန်ကြီးစစ်ချက်အရ ဆေးစစ်ချက်ထွက်ရင် ထပ်တပ်ဖို့ရှိတယ် ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ပုဒ်မ ၃၇၆က‌ မုဒိမ်းမှုအတွက် စွဲဆိုတာ ဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၄ က ယေဘုယျအားဖြင့်တော့ ပူးပေါင်းကြံစည်မှုအတွက် စွဲဆိုတာပါ။ ပုဒ်မ ၁၁၄က အားပေးကူညီမှုအနေနဲ့ စွဲဆိုတာဖြစ်ပါတယ်။

နှိပ်စက် မုဒိမ်းကျင့်ခံရတဲ့ သမီးငယ်က ဆေးစစ်ချက်ရနိုင်ဖို့ စစ်ဆေးတာအပြင် ကုသမှုအတွက် ဆေးခန်းပါ တစ်ပါတည်း ပြသ ကုသမှုခံယူနေရတာလို့ သိရပါတယ်။ အစိုးရဆေးရုံမှာ ပြသကုသနေတာမို့ ဆရာ‌၀န်ရက်ချိန်းအတိုင်း ပြနေရပြီး မှုခင်းဆရာ၀န်အပြင် သွားနှင့်ခံတွင်းဆိုင်ရာ ၊ အရိုးအကြောဆိုင်ရာ ၊ ကလေး နားနှာခေါင်းလည်ချောင်းကုသမှုဆိုင်ရာဆရာဝန်ကြီး‌ တွေနဲ့ပါ ပြသကုသနေရတဲ့အပြင် သားဖွားမီးယပ်ဆိုင်ရာအထူးကုတွေရဲ့ ညွှန်ကြားကုသမှုဆိုင်ရာ ဓာက်မှန်ရိုက်ခြင်း ၊ အာထရာဆောင်းရိုက်ခြင်းတွေလည်း ပြုလုပ်စစ်ဆေးနေရကာ ၊ မီးလောင် ၊ ရေနွေးပူလောင် ဒဏ်ရာတွေအတွက်လည်း အရေပြားဆရာ၀န်ကြီးနဲ့ အပြင်ဆေးခန်းတစ်ခုမှာ ပြသနေရတယ်လို့ သိရပါတယ်။

Save The Trees Rescue Team မှ တာဝန်ရှိသူ ကိုကျော်သူရက “တောင်ပေါ်မှာကျန်ခဲ့တဲ့ မီးငယ်ရဲ့ မောင်လေးနဲ့ မိသားစု၀င်အားလုံး ကျွန်တော့်ဆီခေါ်ထားပါတယ်။ လုံခြုံရေး၊ စား၀တ်နေရေး ကျန်းမာရေး လူမှုရေးကအစ အားလုံးကျွန်တော်ကူညီနေပါတယ်” လို့ MT News ကို ပြောပါတယ်။

ကျူးလွန်သူ မွေးစားမိဘနှစ်ဦးစလုံးကို အုတ်တွင်းရဲစခန်းက စက်တင်ဘာ ၂၆ ရက်နေ့ကတည်းက ဖမ်းဆီးထားပြီး ရမန်ကြီး နှစ်ပတ် ရယူကာ၊ နှစ်ပတ်ပြည့်မြောက်ရင် တရားရုံးတင်စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။ ကျူးလွန်ခံရသူ သမီးငယ်ရဲ့ တွေ့ရှိထားတဲ့ ပြင်ပဒဏ်ရာတွေနဲ့ ကလေးရဲ့ ထွက်ဆိုပြောပြချက်တွေက မွေးစားအဖေက အိမ်မှာတစ်ခါ တောထဲမှာတစ်ခါ သက်ငယ်မုဒိမ်း ပြုကျင့်ကြောင်း၊ ထမင်းခိုးစားလို့ဆိုကာ မျက်နှာကိုဓားနဲ့ ခုတ်ကြောင်း၊ ပါးစပ် ထဲကို ရေနွေးပူလောင်းထည့်ကြောင်း၊ လက်ကို မီးနဲ့ ရှို့ကြောင်း၊ ထမင်းအငတ်ထားကြောင်း၊ မျက်နှာကိုလက်သီးနဲ့ထိုးတာကြောင့် သွားတွေကျိုးပြီး သွားဖုံးတွေကွဲသွားကြောင်းစသဖြင့်‌ ပြောပြပြီး မြင်သာတဲ့ ဒဏ်ရာတွေအပါအဝင် ကလေးမှာ ဒဏ်ရာအမြောက်အများ ရရှိထားတာကို တွေ့မြင်ရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *