October 4, 2024

◾ AA က တပ်သားသစ်စုဆောင်းမှုကို မနာခံ၍ သတ်ပစ်သည်ဟု သတင်းထွက်

၂.၁၀.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ၄ မိုင်ကျေးရွာမှ အသက် ၁၁ နှစ်အရွယ် ပဉ္စမတန်းကျောင်းသားတစ်ဦး ပျောက် ဆုံးနေခဲ့ရာ ယင်းကို ၄ ရက်ခန့်အကြာတွင် ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်တွေ့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်က ၄ မိုင်ကျေးရွာနေ  ဒုမူပြကျောင်းဆရာမ ဒေါ်စန္ဒာဝင်း၏ သားဖြစ်သူ အသက် (၁၁) နှစ်အရွယ် ၅ တန်းကျောင်းသားက ငါးမျှားရန် နေအိမ်မှထွက်သွားစဉ် ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် စက်တင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင် မောင်တောမြို့ နခခ(၂) ရှေ့ရှိ ၄ မိုင် မွတ်ဆလင်ကျေး ရွာအတွင်း နေအိမ်တစ်လုံးရှေ့၌ ဦးခေါင်းကို တုတ်ဖြင့်ရိုက်ထားသည့် ဒဏ်ရာ(၁)ချက်နှင့် ညာဖက်ဝမ်းဗိုက် ထိုး သွင်း ဒဏ်ရာ (၁)ချက်တို့ဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကလေးငယ်၏မိသားစုမှာ ၄ မိုင်တပ်ဦးဘုန်းတော်ကြီးကျောင်းအနီးနေအိမ်တွင် နေထိုင်ကြသူများ ဖြစ်ပြီး စစ်ဘေးရှောင်နေခဲ့ရာမှ နေအိမ်သို့ ပြန်ရောက်သည်မှာ မကြာသေးကြောင်း သိရသည်။

ယင်းဒေသတွင် AA က နယ်မြေစိုးမိုးထိန်းချုပ်ထားကြောင်း၊ ယင်းကြောင့် AA အဖွဲ့လက်ချက်ဖြစ်ရုံကလွဲ၍ တခြားအဖွဲ့အစည်းများ မဖြစ်နိုင်ကြောင်း ဒေသခံများက မှတ်ချက်ပြု ပြောဆိုနေကြသည်။

“အဲဒီမှာ AA ပဲ ရှိတာဟုတ်ပါတယ်။ မောင်တောမှာ ၄ မိုင်က သူတို့ထိန်းချုပ်ထားတာလေ။ အခုဆိုရင် ဘယ် တိုက်ပွဲမှမရှိဘဲနဲ့ မောင်တောမြောက်ပိုင်းက မြောတောင်အပါအဝင် ကျေးရွာ ၄ ရွာမှာလည်း AA က ဘင်္ဂါလီတွေကိုလည်း အတင်းအဓ္ဓမ ရွာတွေကနေ နှင်ထုတ်နေတယ်။ပြီးတော့ ဖမ်းပြီးတော့လည်း သူတို့ရဲ့ တပ်သား လုပ်ခိုင်းနေတယ်။ အခုလည်း AA က ရခိုင်တွေ၊ ဟိန္ဒူတွေ၊ မွတ်ဆလင်တွေ၊ လူငယ်တွေရော ၊ ဆယ်ကျော်သက် ကလေး တွေရော ဖမ်းတယ်လေ။ ဘယ်သူမှ မပြောရဲသလိုဖြစ်နေတယ်။ ပြောရင် အသတ်ခံရမှာကြောက်ကြတယ်။ ၅ တန်းကျောင်းသားလေးကိုလည်း သူတို့က သတ်တာ။ကောင်လေးက အသာတကြည်မလိုက်လို့ လက်လွန်တာလည်း ဖြစ်နိုင်တယ်လို့ ပြောနေသူတွေလည်းရှိတယ်”ဟု မောင်တောမြို့ခံတစ်ဦးက MT News ကို ပြောသည်။

AA အဖွဲ့က မိုင်းရှင်းလင်းသည်ဟုဆိုကာ လူသစ်လိုက်လံစုဆောင်းနေချိန် အထက်ပါတိုင်း ကျောင်းသားငယ်လေးမှာ အသတ်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *