October 4, 2024

၂.၁၀.၂၀၂၄
Written by K Pyay Thein

လာမယ့်ပွင့်လင်းရာသီမှာ အောင်ဘာလေထီရောင်းအား ပိုကောင်းလာဖို့မျှော်လင့်ထားတယ်လို့ ထီ‌ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

အရင်ကတည်းက ရောင်းချနေတဲ့ အောင်ဘာလေထီနဲ့ မကြာသေးခင်က စတင်ဖွင့်လှစ်‌ပေးခဲ့တဲ့ ပြည်တွင်းအွန်လိုင်း‌ အောင်ဘာလေထီရောင်းအားဟာ ဈေးကွက်သဘောတရားအရ အားပြိုင်မှုတွေရှိနေတယ်လို့လည်း ထီလုပ်ငန်းရှင်တွေက ဆိုပါတယ်။

“အောင်ဘာလေထီဈေးကွက်က ၇ လပိုင်းကနေစလို့ ၉ လပိုင်းအထိက ရောင်းအားကျတဲ့လတွေဖြစ်တယ်။ ဒါက ထီဈေးကွက်မှာပုံမှန်ပါပဲ။ လာမယ့် ပွင့်လင်းရာသီ ၁၀ လပိုင်းနောက်ပိုင်းကို ရောင်းအားကောင်းလာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ အွန်လိုင်းထီကလည်းအခု တစ်လကိုနှစ်ကြိမ်ထွက်မယ်လို့ ကြေညာထားတယ်။ အဲ့တော့ သူက တစ်လကိုနှစ်ခါထွက်မယ်။‌ အဲ့တော့ ဈေးကွက်က နှစ်ခုဖြစ်လာတာ‌ပေါ့။ အောင်ဘာ လေထီရှိသလို အွန်လိုင်းထီလည်းရှိလာတယ်။ပရိသတ်ကတော့ သူကြိုက်တဲ့ထီကိုထိုးပေါ့”လို့ မဟာလာဘံ ထီဆိုင်ပိုင်ရှင်တစ်ဦးက လက်ရှိ ထီဈေးကွက်အကြောင်းကို ပြောပြခဲ့ပါတယ်။

အခု အောက်တိုဘာလဆန်းမှာ ဖွင့်လှစ်ပေးခဲ့တဲ့ ၆၆ ကြိမ်မြောက် အောင်ဘာလေထီရောင်းအားဟာ တစ်ပြည်လုံးအတိုင်းအတာအရဆိုပါက ထီအစောင်ရေ ၆ သန်းလောက်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

“တစ်ပြည်လုံးဈေးကွက်အတိုင်းအတာဆိုရင် ထီအစောင်ရေက ၆ သန်းကျော် ၇ သန်း လောက်အထိရောင်းနေရတယ်။‌ အခုက အွန်လိုင်းထီလည်းရှိတော့‌ ဈေးကွက်ကအပြိုင်အဆိုင်ဖြစ်တာပေါ့။ ပြောရရင် ထီဈေးကွက်က နှစ်ခုဖြစ်သွားတာပေါ့။ ထီဈေးကွက်ကောင်းခြင်း၊ မကောင်းခြင်းက နိုင်ငံရေးအခြေအနေနဲ့လည်း သက်ဆိုင်သလို ရာသီဥတုအ‌ခြေအနေနဲ့လည်းသက်ဆိုင်ပါတယ်။ အဲ့ဒီအနေအထားတွေပေါ်မှာမူတည်ပြီး ဈေးကွက်မှာ ရိုက်ခတ်မှုတွေရှိလာတာဖြစ်ပါတယ်”လို့ သူက ထပ်လောင်းပြောပြပါတယ်။

လက်ရှိကာလ အစိုးရထုတ် အောင်ဘာလေထီတစ်စောင်ကို ဒိုင်ဖြန့်ဈေး ကျပ် ၉၅၀ ရှိပြီး အပြင်ဈေးကွက်မှာ‌တော့အောင်ဘာလေထီတစ်စောင်ကို ၁၃၀၀ အထိပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

“ကျွန်‌တော်တို့ အခု ဒိုင်ဖြန့်ဈေးက အခု ၉၅၀ ပါ။ အပြင်မှာရောင်းတော့ ၁၁၀၀ လောက်ရှိပါတယ်။ နယ်ဘက်တွေ ဝေးရင်ဝေးသလို ကားခတော့ရှိပါမယ်။ ပို့ဆောင်ခရှိမယ်။ အဲ့ဒီစရိတ်တွေပေါ်မူတည်ပြီး ဈေးအတက်၊ အကျရှိပါမယ်”လို့ ပြည်တွင်းရှိ ထီလုပ်ငန်းရှင်တစ်ဦးက ထပ်မံ ပြောပြခဲ့ပါတယ်။

Photo – CJ

ထီဈေးကွက် #အောင်ဘာလေ #အွန်လိုင်းထီ #ရောင်းအား #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *