October 4, 2024

၂.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ပထုံဌာနီပြည်နယ်အတွင်း အောက်တိုဘာလ ၁ ရက် မွန်းလွဲပိုင်းက ကားဘီးများပေါက်ကွဲလို့ ကျောင်းကြိုပို့ ဘတ်စ်ကားမီးလောင်ခဲ့မှုမှာ ဆရာသုံးဦးနှင့် ကျောင်းသား ၂၀ ဦးအပါအဝင် စုစုပေါင်း ၂၃ ဦးသေဆုံးခဲ့ရတယ်လို့ အောက်တိုဘာလ ၂ ရက် အတည်ပြုသတင်းများအရ သိရပါတယ်။

ထိုဖြစ်ရပ်မှာ ထိုင်းရဲတပ်ဖွဲ့ထံ ဘတ်စ်ကားကို မောင်းနှင်တဲ့ ယာဉ်မောင်းကလည်း လာရောက်ဖမ်းဆီးခံခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မောင်းရဲ့အမည်က ဆာမန်ချန်ပတ်ဟုသိရပြီး သူက အောက်တိုဘာလ ၁ ရက် ညပိုင်းမှာ ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့ပါတယ်။ သူက အသက် ၄၈ နှစ်ခန့်ရှိပြီး ကားမီးလောင်မှုဖြစ်ပွားစဉ် ထွက်ပြေးသွားခဲ့ပြီးနောက်မှ ညပိုင်းတွင် လာရောက်အဖမ်းခံခဲ့တာလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က စစ်မေးမှုများပြုခဲ့ရာမှာ ဆာမန်က ထိုသို့မီးလောင်မှုဖြစ်ပွားချိန်မှာ ယာဉ်ကိုတစ်နာရီလျှင် ကီလိုမီတာ ၈၀ နှုန်း (တစ်နာရီ မိုင် ၅၀ နှုန်း)နဲ့မောင်းနှင်လာခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဘတ်စ်ကားက အဝေးပြေးလမ်းပေါ်မှာ ချိုင့်တစ်ခုကို နင်းခဲ့မိပြီး ကားတာယာတစ်လုံးပေါက်ကွဲကာ ကားမှာ ညာဘက်သို့ လမ်းပြောင်းသွားလို့ မာစီဒီး ဘင့်ဇ်ကားတစ်စီးကို ဝင်တိုက်မိခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။ ဆာမန်က ကားကို ပြန်ထိန်းဖို့ ကြိုးစားခဲ့ပေမယ့်မရဘဲ ဘတ်စ်ကားက လမ်းဘေးက သံမဏိလမ်း အတားအဆီးတန်းကိုဝင်တိုက်မိရာမှာ မီးတွေပွင့်ထွက်ပြီး မီးလောင်မှုဖြစ်ခဲ့ရတာလို့ ဆက်ပြောခဲ့ပါတယ်။

သူကနောက်မှ ကားတစ်စီးဆီက မီးသတ်ဗူးတစ်ခုရဖို့ကြိုးစားခဲ့သေးပေမယ့် နောက်ဆုံး တုန်လှုပ်ခြောက်ခြားပြီး ထွက်ပြေးမိခဲ့တာလို့ ဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဆာမန်ကို မဆင်မခြင်ကားကိုမောင်းနှင်မှု၊ မီးလောင်မှုကြောင့် ဘေးတွေ့နေရသူတွေကို မကူညီဘဲထွက်ပြေးခဲ့မှု ဒါမှမဟုတ် ရဲတပ်ဖွဲ့ကို အစီရင်ခံအကြောင်းကြားမှုမပြုတာတွေအပါအဝင် စွဲချက်လေးခုနဲ့ အမှုဖွင့်ထားပါတယ်။

ဘတ်စ်ကားမှာ ဆရာခြောက်ဦးနဲ့ ကျောင်းသား ၃၉ ဦးတို့လိုက်ပါလာကြတာပါ။ သူတို့က ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ ၃၀၀ အကွာရှိ ဥထိုင်းဌာနီ ပြည်နယ်အတွင်းမှ ကျောင်းတစ်ကျောင်းကဖြစ်ကြပြီး အယုဒ္ဓယနဲ့ နွမ်သာဘူရီ ပြည်နယ်တွေကို လေ့လာရေးခရီးအနေနဲ့ လာရောက်ကြတာပါ။ မီးက လျင်မြန်စွာနဲ့တစ်ကားလုံးကို ကူးစက်လောင်ကျွမ်းတာမှာ ကားပေါ်ပါသူအများအပြား ခုလို ပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြရတာပါ။

မီးလောင်ခံရသူတွေရဲ့မိသားစုဝင်တွေရောက်လာကြအပြီးမှာတော့ ဘန်ကောက်မြို့ ရဲတပ်ဖွဲ့ဆေးရုံမှာ မျိုးဗီဇများစစ်ဆေးကာ မည်သူမည်ဝါဖြစ်တယ်လို့ ခွဲခြားဖော်ထုတ်မှုတွေကို အောက်တိုဘာလ ၂ ရက်မှာ ပြုလုပ်နေတယ်လို့သိရပါတယ်။

မီးလောင်မှုမှာ ဆေးရုံတင်ထားရသူ ကျောင်းသား သုံးဦးရှိပြီး သူတို့အနက် နှစ်ဦးက ဒဏ်ရာများပြင်းထန်တယ်လို့ဆိုပါတယ်။ အသက် ၇ နှစ်အရွယ် ကျောင်းသူငယ်တစ်ဦးဆိုရင် မျက်နှာကို မီးလောင်ခံခဲ့ရကာ ဆရာဝန်တွေက သူ့ရဲ့အမြင်အာရုံမဆုံးရှုံးစေဖို့ ကြိုးစားကုသနေကြတယ်လို့သိရပါတယ်။

Ref-AP, Thai PBS

Leave a Reply

Your email address will not be published. Required fields are marked *