October 4, 2024

၂.၁၀.၂၀၂၄
Written by Hey Mar

တောင်ကျချောင်းရေထဲ ဖြတ်မောင်းတဲ့ကား ရေစီးနဲ့မျောပါပျောက်ဆုံးရာက ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းမှာ ကားနဲ့အတူ ရုပ်အလောင်းပါ ပြန်လည်တွေ့ရှိတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ရေးအဖွဲ့ (ကျောက်ဆည်)ထံကနေ သိရပါတယ်။

ဖြစ်စဉ်က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့မှာ မနေ့က အောက်တိုဘာ ၁ ရက်နေ့ မနက် ၇ နာရီကတည်းက တောင်လှချောင်း တောင်ကျရေ စီးနေပြီး ညနေ ၆ နာရီခန့်အချိန်မှာ ပရိုဘောက်ယာဉ်ငယ်တစ်စီးက ဘိလပ်မြေစက်ရုံအနီးမှာ ချောင်းကို ဖြစ်ကူးရင်း မျောပါသွားတာလို့ သိရပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ရေးအဖွဲ့ (ကျောက်ဆည်)မှ တာဝန်ရှိသူက ”မျောသွားတဲ့လူက ဆင်မင်းဘိလပ်မြေစက်ရုံက အရာရှိတစ်ဦးပဲ။ နယ်ခံပါပဲ။ မနေ့က သိသိချင်း ည ၇ နာရီလောက်ကတည်းက ကျွန်တော်တို့ ကူညီရှာဖွေနေပြီး မနက် ၁ နာရီကျော်မှာ ရေစီးကြောင့် ဘယ်လိုမှ ရှာဖွေရေးဆက်လုပ်ဖို့ မဖြစ်တော့လို့ နားလိုက်တယ်။ မနက်မှပြန်ရှာ‌တော့ သူတို့စက်ရုံကလူ‌တွေက ချောင်းထဲရေငုပ်ရှာ‌ဖွေရင်း ကားကိုစမ်းမိလို့ တွေ့ကြတာပါ။ ကားက ဘက်ဟိုးနဲ့ ကုတ်ဆွဲတင်ရတော့ ပျက်စီးသွားပါတယ်”လို့ MT News မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

သေဆုံးသူတစ်ဦးဟာ ကျောက်ဆည် ဆင်မင်းဘိလပ်မြေစက်ရုံ ဒုစက်ရုံမှူး ဦးညီဇော်ဖြစ်ပြီး မနေ့က အောက်တို ဘာလ ၁ ရက် ည ၆ ‌နာရီကျော် အချိန်ခန့်မှာ စက်ရုံအနီးရှိ ကားလမ်းရေကျော်ကို Probox ကားနဲ့ ဖြတ်သန်းစဥ် တောင်ကျရေကြောင့် မျောပါပျောက်ဆုံးခဲ့တာပါ။

ရေထဲ မျောသွားတဲ့ ယာဉ်နဲ့ ယာဉ်မောင်းရဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်)၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ စက်ရုံတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေက ပူးပေါင်းကာ ဆယ်တင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *