October 4, 2024

၂.၁၀.၂၀၂၄
Written by K Pyay Thein

စပိန်နိုင်ငံထုတ် လေအေးပေးစနစ်ပါ DEMU တွဲဆိုင်းအသစ်တွေနဲ့ ပဲခူး-ရန်ကုန်-ပဲခူး ရထားခရီးစဉ်ကို ယနေ့
အောက်တိုဘာ ၂ ရက်နေ့မှာ စတင်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။

အခု စတင်ပြေးဆွဲတဲ့ ပဲခူး-ရန်ကုန်-ပဲခူးရထားခရီးစဥ်အသစ်ဟာ ပဲခူးဘူတာက နံနက် ၆ နာရီအချိန် စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးဆီ နံနက် ၈ နာရီ ၂၀ မိနစ်မှာ ရောက်ရှိမှာဖြစ်ပြီး ရန်ကုန်ဘူတာကြီးက ညနေ ၄ နာရီ ၄၅ မိနစ်မှာ ပြန်လည်ထွက်ခွာပြီး ပဲခူးဘူတာဆီ ည ၇ နာရီ ၁၅ မိနစ်မှာ ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

လေအေးပေးစနစ်ပါ Diesel Electric Multiple Units(DEMU) တွဲဆိုင်းနဲ့ ရထားခရီးစဥ်အတွက် လက်မှတ်ခက ခရီးသည်တစ်ဦး ၂၅၀၀ ကျပ် ကျသင့်မှာဖြစ်ပေမဲ့ ခရီးစဉ်တစ်ဝက်လိုက်ပါစီးနင်းလိုသူတွေအတွက် တစ်ဦး ၁၃ဝဝ ကျပ်သာ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လမ်းခရီးတစ်လျှောက် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်လေး၊ ရွာသာကြီး၊ လေးထောင့်ကန်၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ အစရှိတဲ့ ကြားဘူတာ(၁၂) ခုမှာလည်း ရပ်နားပေးသွားမယ်လို့ သိရပါတယ်။

DEMU တွဲဆိုင်းအသစ်တွေနဲ့ ပဲခူး-ရန်ကုန်-ပဲခူး ရထားခရီးစဉ်အသစ်ကို စတင်ပြေးဆွဲနေပြီဖြစ်လို့ ယခင် ပြေးဆွဲပေးလျက်ရှိတဲ့ အမှတ်(၁၃/၁၄) အစုန်အဆန် RBE ရထားခရီးစဉ်ကိုတော့ ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ မြန်မာ့မီးရထား သိရပါတယ်။

Photo – မြန်မာ့မီးရထား

DEMUတွဲဆိုင်း #ပဲခူးရန်ကုန်ပဲခူး #ရထားခရီးစဉ် #စတင်ပြေးဆွဲ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *