October 4, 2024

၂. ၁၀. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဆောက်လုပ်နေသော သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးပြီး နေထိုင်နိုင်မည့် အခန်းပေါင်း ၆၀၀ ခန့်ကို မကြာမီ ငှားရမ်းနေထိုင်ခွင့် ရရှိမည့်သူများ ရွေးချယ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ အသိပေးကြေညာထားသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင် အထည်ဖော်တည်ဆောက်ထားသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာထားပြီးဖြစ်သည်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့် တိုက် ၅၀ လုံး၏ အခန်းပေါင်း ၈၀၀ အနက် တိုက် ၄၈ လုံး၏ အခန်းပေါင်း ၇၆၈ ခန်းအတွက် မီတာများရရှိပြီးဖြစ်၍ မေလအတွင်း အခန်းများ၌ မီတာများ တပ်ဆင်သွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မတ်လအကုန်ပိုင်းက ကြေညာထားသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာ တတိယအဆင့်မှ အိမ်ခန်းများ ငှားရမ်းနေထိုင်ခွင့် လျှောက်ထားနိုင်ကြောင်းကို ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ကြေညာခဲ့ပြီးဖြစ်သလို ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကိုလည်း ပြီးခဲ့သည့် မေလအတွင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အခန်းများ၏ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နဲ့ စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ပထမအဆင့်နှင့် ဒုတိယအဆင့်အငှားချထားမှုများတွင် ကနဦးကြေညာထားချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *