October 4, 2024

၂.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာနေတဲ့ အချိန်မှာပဲ အီရန်နိုင်ငံက အစ္စရေးနိုင်ငံကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ်ကို အောက်တိုဘာလ ၁ ရက် အင်္ဂါနေ့ညဘက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ တယ်လ်အဗစ်၊ ဂျေရုဆလမ်နဲ့ ဟိုင်ဖါတို့အပါအဝင် အစ္စရေးမြို့ကြီးတွေကို တိုက်ချင်းပစ်ဒုံးကျည် ၁၈၀ ခန့်နဲ့ အီရန်ဘက်က ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး အစ္စရေးစစ်ဘက်ကတော့ အများစုကို အစ္စရေးရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေနဲ့ ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗီဒီယိုပြချက်တွေမှာတော့ အစ္စရေးရဲ့ လေတပ်အခြေစိုက်စခန်းတစ်ခုကို အီရန်ဒုံးကျည်တွေ ထိမှန်ခဲ့တာ တွေ့ကြရပါတယ်။

အီရန်အစ္စလာမ္မစ်တော်လှန်ရေးတပ်ဖွဲ့ကလည်း အစ္စရေးအနေနဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန် နာ့စ်ရာလာနဲ့ အခြားသူတွေကို လေကြောင်းမှတိုက်ခိုက်သတ်ဖြတ်ခဲ့မှုအတွက် အစ္စရေးရဲ့ လုံခြုံရေးနဲ့ စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန်ရခြင်းလို့ ဆိုခဲ့ပါတယ်။

အစ္စရေးစစ်ဘက်ကလည်း အစ္စရေးနိုင်ငံအတွင်း ဒုံးကျည် ၁၈၀ ခန့် အီရန်ကပစ်လွှတ်ခဲ့တယ်လို့ ခန့်မှန်းခဲ့ပြီး ဒီအတွက် နောက်ဆက်တွဲအကျိုးဆက်တွေရှိလာမယ်လို့ ဆိုခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကလည်း အီရန်အနေနဲ့ ဒီညမှာ ကြီးမားတဲ့အမှားကြီးတစ်ခုကို ပြုလုပ်မိတာဖြစ်ပြီး ဒီအတွက် ပေးဆပ်မှုပြုရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဒီမတိုင်ခင် အစောပိုင်းကလည်း အမေရိကန်က အီရန်အနေနဲ့ အစ္စရေးကို ဒုံးကျည်တိုက်ခိုက်မှုပြုနိုင်တာကိုကြိုတင်သတိပေးခဲ့သလို နိုင်ငံအတွင်း ဟစ်ဇ်ဘိုလာတို့ကို စက်တင်ဘာ ၃၀ ရက် ညပိုင်းမှာ မြေပြင်ထိုးစစ်စတင်ပြုလုပ်ပြီးတဲ့နောက်မှာ အမေရိကန်က ပြောကြားထားခဲ့တာလည်းဖြစ်ပါတယ်။

အီရန်စစ်ဘက်အကြီးအကဲကလည်း အောက်တိုဘာလ ၁ ရက် ညဘက်မှာ အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုက အစ္စရေးစစ်ဘက်ပစ်မှတ်တွေကိုသာ အကန့်အသတ်နဲ့ ပစ်ခတ်တာဖြစ်ပြီး ဒါကို အစ္စရေးက တုံ့ ပြန်လာရင်တော့ ကျယ်ပြန့်တဲ့တိုက်ခိုက်မှုတွေလုပ်ရလိမ့်မယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

Ref-CNN, BBC

Leave a Reply

Your email address will not be published. Required fields are marked *