October 4, 2024

၂.၁၀.၂၀၂၄
Written By Zun

AA ထိန်းချုပ်ထားသည်ဆိုသော ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ဆေးကုသမှုအထောက်အပံ့မရ၍ အရေပြားရောဂါဖြစ်ပွားသူ ထောင်ချီတိုးလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂ လခန့်ကပင် ယာယံသောအရေပြားရောဂါစတင်ဖြစ်ခဲ့ရာက စက်တင်ဘာလအတွင်း ရေကြီးနစ်မြုပ်မှု ဖြစ်ပွားပြီးနောက် ပို၍ ဆိုးရွားလာခြင်းဖြစ်သည်။

အရေပြားရောဂါစတင်ဖြစ်ပွားသော သြဂုတ်လအတွင်းက လူဦးရေ ဆယ်ဂဏန်းခန့် စတင်ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၁၈ ရက် နောက်ပိုင်းတွင် လူ ၄၀ ကျော်ထိ ဖြစ်ပွားလာသလို ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီးနောက် စက်တင်ဘာလ နောက်ဆုံးပတ်ကစ၍ ဖြစ်ပွားသူ တဖြည်းဖြည်းတိုးလာခြင်းဖြစ်ကြောင်း သိရသည်။

အရေပြားရောဂါဖြစ်ပွားမှုများမှာ မင်းပြားမြို့နယ်က ခွဆုံ(ချင်း)ရွာတွင်အများဆုံးဖြစ်ပြီး လူကြီး၊ လူငယ်၊ ကလေးများတွင် ဖြစ်ပွားနေကြကြောင်း၊ ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒိုင်းသား၊ ထိန်ပင်-ပေါက်တော၊ ရွှေကျင်၊ ပြင်ရောင်း၊ ငတာ၊ ဥပျံတောင်၊ ချောင်းတိုစသည့် ကျေးရွာများတွင်နေထိုင်သူများထိ ယားယံအရေပြား ရောဂါများ ကူးစက်ဖြစ်ပွားလာကြခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်သူကမှလည်း ရေဘေးအတွက် လာမကူဘူးလေ။ အခု ရေကြီးပြီးနောက်ပိုင်း ယားနာ(အရေပြား)ဖြစ်သူ ပိုတိုးလာတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းဘူး။ ဆေးဝါးက ဘယ်ကရမှာလဲ။ အရပ်မှာ ပေါက်တဲ့ ဆေးဖက်ဝင်အပင်တွေကို ကြိုပြီး ရေချိုးတာတွေလုပ်ပေမဲ့လည်း ဖြစ်တဲ့ယားနာက ဘယ်လို ယားနာမျိုးလဲမသိတော့ အခက်အခဲဖြစ်နေကြတယ်”ဟု ခွဆုံကျေးရွာဒေသခံတစ်ဦးက MT News ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း ရေဘေးကြောင့် အိမ်ခြေ ၁၇၀ ကျော် ရေထဲမျောပါသွားခဲ့ကာ လူနှစ်ထောင်ကျော် ရေဘေးသင့်ခဲ့သလို စားဝတ်နေရေးဒုက္ခရောက်ခဲ့ကြသေးကြောင်း၊ မင်းပြားမြို့နယ်က ခွဆုံ(ချင်း)ရွာတွင် လူကြီး၊ လူငယ်နှင့် ကလေးသူငယ် လူဦးရေ ၄၀ ခန့်မှာ အရေပြားရောဂါဖြစ်နေကြကြောင်း၊ ယင်းအထဲတွင် အသက်အန္တရာယ် စိုးရိမ်ရသော ကလေးလူနာများလည်း ရှိကြောင်း MT News က ဖော်ပြခဲ့သေးသည်။

ယားယံအရေပြားရောဂါအတွက် ဆေးဝါးကူညီထောက်ပံ့မှုများကိုလည်း မည်သည့်အဖွဲ့အစည်းထံကမှ မရရှိသောကြောင့် ဒေသခံများအနေဖြင့် ဒေသတိုင်းရင်းဆေးဝါးများဖြင့် သက်သာလိုသက်သာငြား ကုသမှုများ ပြုလုပ်နေကြရခြင်းဖြစ် ကြောင်းလည်း သိရသည်။

“ရေကြီးလိုက်ပြီးနောက်ပိုင်းမှာ ဖြစ်လာတာက ပိုဆိုးလာတာကြောင့် ဒါကို လိုအပ်တဲ့ကုသမှုလုပ်ဖို့လိုတယ်၊ အနာတွေ ပိုဆိုးသွားတာမျိုး မဖြစ်ရအောင်ပေါ့။ ရေဝင်ခဲ့တဲ့အတွက် ရေမသန့်ဘူး။ သောက်ရေနဲ့ ဆပ်ပြာတွေမရှိလို့လည်း မသုံးရဘူး။ခြင်ကလည်းကိုက်တယ်၊ ဒါကြောင့် ယားယံတာကနေ အရေပြားပေါ်မှာ အနီတွေ အဖုထတာကနေ တချို့ကလေးတွေဆိုရင် အဖုက အရေတွေတောင်ထွက်နေကြတာ ရှိပါတယ်၊ ကုသမှုကောင်း ကောင်းလိုတာပေ့ါ”ဟု မင်းပြားမြို့ခံတစ်ဦးက MT News ကို ပြောသည်။

လက်ရှိတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သော မင်းပြားမြို့နယ် ဖုံသာချောင်းတစ်လျောက်ရှိ နတ်ထောက်ရွာဟောင်း၊ ကျေးမရွာ၊ ကိုင်းကြီးရွာ၊ ပြင်းဝကျေးရွာ၊ ဇိုင်ချောင်းရွာ၊ သရက်အုပ်ရွာ၊ အထက်ခချီးမြောင်ရွာ၊ အောက်ခချီးမြောင်ရွာတို့တွင် အရေပြားရောဂါ ဖြစ်ပွားမှု ပိုမိုးတိုးလာတာ လူဦးရေ ထောင်ချီရှိနေပြီ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *