October 4, 2024

၂.၁၀.၂၀၂၄
Written by Hey Mar

ရန်ကုန်- မန္တလေးအမြန်လမ်း၊ ရန်ကုန်ကနေ မန္တလေးကို သွားတဲ့လားရာဘက်အခြမ်းရှိ မိုင်တိုင်အမှတ် ၅၇ မိုင်မှာ အိမ်စီးကားတစ်စီး ယာဉ်မ‌တော်တဆမှုဖြစ်ကာ လူနှစ်ဦး ပြင်းထန်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် အောက်တို ဘာ ၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းက ဖြစ်စဉ်ကို ပြောပြရာမှာ မိုး‌ရွာတဲ့လမ်း‌ပေါ်စလစ်ဖြစ်ကာ အရှိန်လွန်လည်ထွက်တယ်လို့ ကားဘီးရာကိုတွေ့ရှိချက်အရ ခန့်မှန်းရကြောင်းနဲ့ ကားမှာလမ်းလယ်ကျွန်း‌ပေါ်ရောက်ရှိပြီး သစ်ပင်ကို ထက်ပိုင်းပြတ်အောင် တိုက်ထားတယ်လို့ ဆိုပါတယ် ။

အဆိုပါအသင်းတာဝန်ရှိသူက “ကျွန်‌တော်တို့‌ ရောက်သွားတော့ ကားပေါ်မှာ ယာဉ်မောင်းဘေးခုံက အသက် ၅၀ ကျော်အမျိုးသားကြီးက ညပ်နေတယ်။ သူ့ကို ဆွဲထုတ်တဲ့အခါ တွေ့ရတဲ့ဒဏ်ရာတွေက ကျွန်တော်တို့က အပိတ်ကျိုးလို့ခေါ်တာပေါ့ အရည်ပြားပေါ်ပေါက်ထွက်မလာပေမယ့် လိမ်ပိန်နေအောင် ညာတစ်ခြမ်းလုံး လက်ရော ခြေရော အပိုင်းပိုင်းကျိုး‌နေတယ်။ သူ့ကို ဆွဲထုတ်ပြီး သေချာ ပြန်တည့်တာတွေ ဘာတွေလုပ် သတိမလစ်ရအောင် နှိုးထားပြီး ပြုစုရတယ်။ အသက် ၂၅ နှစ်လောက် အမျိုးသမီးက ကားပေါ်က ခုန်ချသလားပဲ။ ကားနဲ့ ဆယ်ပေလောက်အကွာမှာ သူ့ကိုတွေ့ရတယ်။ သူကတော့ အ‌ခြေအနေဆိုးတယ်။ အနီရောင်အဆင့်ပဲ။ ယာဉ်မောင်းကတော့ ဘာမှမဖြစ်ဘူး။ သူ့ကိုတော့ ရဲတပ်ဖွဲ့က စစ်ဆေးဖို့ ခေါ်သွားတယ်။ လူနာနှစ်ယောက်ကိုတော့ ကျွန်တော်တို့က အသင်းကားနဲ့ ဆေးရုံလိုက်ပို့ပါတယ် “လို့ MT News ကမေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

စိုးရိမ်ရ အနီရောင်အဆင့် လူနာနှစ်ဦးကို နီးစပ်ရာပဲခူးဘုရားကြီးတိုက်နယ်ဆေးရုံဆီ သွေးဒါနမျိုးဆက် အသင်းက အရင်ပို့ဆောင်ရာ ထို‌ဆေးရုံက ပဲခူးပြည်သူ့ဆေးရုံကြီးဆီ ထပ်မံလွှဲတဲ့အတွက် ပို့ဆောင်ပေးခဲ့ပြီး လူနာတွေမှာပါလာတဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း တာဝန်ရှိသူတွေနဲ့ သက်သေတွေရှေ့မှာ သေချာစွာ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *