October 4, 2024

၁.၁၀.၂၀၂၄
Written By Zun

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ယနေ့စတင်ကောက်ယူနေသလို ရခိုင်ပြည်နယ်အတွင်း မြို့ ၆ မြို့တွင်လည်း ယနေ့ အောက်တိုဘာလ ၁ ရက်ကစ၍ သန်းခေါင်စာရင်း ကောက်ယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

“လုံခြုံရေးတော့ ယူရတာပေါ့။ လုံခြုံရေးဆိုတာ အရာအားလုံးမှာအရေးပါတယ်။ သန်းကောင်စာရင်းကောက် နေတာကို လုံခြုံရေးယူတော့လည်း ဟိုဘက်အုပ်စုက အပြစ်ပြော။ ဘာလုပ်လုပ် ပြောနေတာလေ။ သူတို့က အခု လုပ်ငန်းစဉ်အရ မြေပြင်မှာရှိတဲ့ အိမ်ထောင်စုစာရင်းနဲ့ လူဦးရေ ကိုက်ညီမှု ရှိမရှိ စစ်ဆးတာလည်း လုပ်ရတယ်။ ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့အနေနဲ့ အေးချမ်းနေတဲ့နေရာတွေမှာ တိုးတက်အောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ အမြဲ စဉ်းစားနေပါတယ်။အေးချမ်းနေတဲ့နေရာတွေမှာ ပြည်သူတွေ အဆင်ပြေအောင် လုပ်ဆောင် သွားမှာပါ”ဟု အဆိုပါ နီးစပ်သူကပြောသည်။

စစ်တွေမြို့တွင် ယနေ့ အောက်တိုဘာလ တစ်ရက် နံနက် ၈ နာရီခန့်အချိန်က စတင်၍ လူဝင်မှုကြီးကြပ်ရေး (လဝက) ဌာနက ရပ်ကွက်တိုင်းတွင် အဖွဲ့လိုက် သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ရခိုင်ပြည်နယ်အတွင်း သန်းကောင်စာရင်းကောက်ယူနေသောမြို့များမှာ စစ်တွေ၊ တောင်ကုတ်၊ ဂွ၊ ကျောက်ဖြူ ၊ မာန်အောင်နှင့် အမ်းမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

“တောင်ကုတ်မှာလည်း ကောက်တယ်။ ၄ ယောက် တစ်ဖွဲ့၊၃ ယောက်တစ်ဖွဲ့ လာကောက်တယ်။ ရဲတွေအများကြီးနဲ့တော့ မလာဘူး။ လဝက က သူ့လူနဲ့သူ လာတာပါ”ဟု တောင်ကုတ်မြို့ခံတစ်ဦးက MT News ကို ပြောသည်။

နစကအနေဖြင့် ယနေ့ အောက်တိုဘာလ တစ်ရက်မှ စတင်၍ အောက်တိုဘာလ ၁၅ ရက်ထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမည်ဟု ထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ လူဦးရေ ၅၁ သန်းကျော်ရှိကြောင်း၊ ၁၀ နှစ်တစ်ကြိမ် ကောက်ယူသည့် ယခု လက်ရှိ ၂၀၂၄ ခုနှစ် ကောက်ယူနေခြင်းဖြစ်သော သန်းခေါင်စာရင်းကို လူဦးရေ ၅၆ သန်းထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

ရခိုင်ပြည်တွင် မြို့နယ် ၁၇ ခုရှိပြီး လွန်ခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လူဦးရေ ၃ ဒသမ ၄ သန်းရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *