October 4, 2024

◾️သန်းခေါင်စာရင်း စတင်ကောက်ယူသည့် ယနေ့တွင် SAC ဥက္ကဋ္ဌ၏ မိသားစု သန်းခေါင်စာရင်း အချက်အလက်များ ကောက်ယူ

၁. ၁၀. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတစ်ဝန်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ယနေ့တွင် စတင်ကောက်ယူခဲ့ပြီး သန်းခေါင်းစာရင်းကောက်ယူမှုကို နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း လာရောက် ကောက်ယူမည်ဖြစ်ပြီး နေအိမ်များသို့ စာရင်းလာကောက်မည့်နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ယနေ့မှစတင်၍ နိုင်ငံတစ်ဝန်း၌လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

ယနေ့ မွန်းလွဲပိုင်းတွင် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိသားစု လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သည့် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ တပ်မတော်ဧည့်ရိပ်သာသို့ လာရောက်၍ သန်းခေါင် စာရင်း ကောက်ယူကြခဲ့ပြီး သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က သန်းခေါင်စာရင်းမေးခွန်းများကို မေးမြန်းဖြည့်စွက်ကြရာ SAC ဥက္ကဋ္ဌက ပြည့်ပြည့်စုံစုံဖြေကြားခဲ့သည်။

အလားတူ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ မိသားစု လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏မိသားစု လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ မိသားစု လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေး၏ မိသားစု လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းတို့ကိုလည်း ၎င်းတို့၏ နေအိမ်နေရာများသို့ သွားရောက်၍ စာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူသူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လာရောက်စာရင်းကောက်ယူမည်ဖြစ်ပြီး နေအိမ်များသို့ စာရင်းလာကောက်မည့်နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆)သို့မဟုတ် ပုံစံ(၁၀) ရှိခြင်း/ မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိခြင်း/မရှိခြင်းနှင့် မသက်ဆိုင်ကြောင်း၊ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်း ထည့်သွင်း မကောက်ရမည့်သူများမှအပ သန်းခေါင်စာရင်းရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိနေသူအားလုံးကို စာရင်းကောက်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် သန်းခေါင်စာရင်းကောက်ယူခြင်းအားဖြင့် သိရှိရသော ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းတို့ကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်း၊ သန်းခေါင်စာရင်း မေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြားသို့ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်ရန် မလိုကြောင်းနှင့် မည်သို့မျှ အရေးယူမည်မဟုတ်ကြောင်း သိရှိရသည်။

လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို နိုင်ငံအလိုက် ၁၀ နှစ်လျှင် တစ်ကြိမ်ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း ၄၁ ခုကိုသာ မေးမြန်းကောက်ယူခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းအချက်အလက်များ ပိုမိုပြီးပြည့်စုံစေရေးအတွက် မေးခွန်း ၂၇ ချက်တိုးမြှင့်၍ သန်းခေါင်စာရင်းဆိုင်ရာမေးခွန်း ၆၈ ခုကို မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထပ်မံတိုးမြှင့်ကောက်ခံမည့် အချက်အလက်များမှ ထင်ရှားသောဥပမာအနေဖြင့် ပညာရေးကဏ္ဍတွင် ကျောင်းဆက်လက် မတက်ရောက်ရသည့် အဓိကအကြောင်းအရင်း၊ အိမ်အကြောင်းအရာကဏ္ဍတွင် အမှိုက်စွန့်ပစ်မှုစနစ်၊ သန့်ရှင်းမှုစနစ် စသည်ဖြင့် တိုးမြှင့်မေးမြန်းထားသည်ကို တွေ့ရှိရပြီး ယင်းအချက်များမှာ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတို့တွင် အစိုးရမှမည်ကဲ့သို့ ဖြည့်ဆည်းပေးရမည်ကို သုံးသပ်သည့်မေးခွန်းများဖြစ်သဖြင့် လက်တွေ့ အသုံးဝင်သည့် အချက်အလက်များပင်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *