October 4, 2024

◾️ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကျပ်ဘီလျံ ၇၅၀ ကျော်တန်ဖိုးရှိ အမှုပေါင်း ၃,၈၀၀ ကျော်အထိ ဖမ်းဆီးနိုင်ခဲ့

၁. ၁၀. ၂၀၂၄
Written by Nyein Kyaw

၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၄,၄၃၃ ဦးတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ မြန်မာတစ်နိုင်ငံလုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် အမှုပေါင်း ၃,၈၃၂ မှု၊ တရားခံ ၅,၂၈၆ ဦး၊ စုစုပေါင်း တန်ဖိုးငွေကျပ်ဘီလျံ ၇၅၀ ကျော်ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုများကို ထိရောက်စွာအရေးယူနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေသစ်ကို ပြဋ္ဌာန်းပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ လူကုန်ကူးမှု ၂၇ မှုမှ တရားခံ ကျား ၃၀ ဦး၊ မ ၆၆ ဦး၊ စုစုပေါင်း ၉၆ ဦး အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ကျား ၅ ဦး၊ မ ၄၄ ဦး၊ စုစုပေါင်း ၄၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ဒေသတွင်း လူကုန်ကူး မှုခင်းများနှင့် လူမှောင်ခိုမှုများ တားဆီးနှိမ်နင်းရေးစီမံကိန်းများတွင် အပြည်ပြည်ဆိုင်ရာရဲအဖွဲ (INTERPOL)၊ အာဆီယံရဲအဖွဲ (ASEANAPOL) တို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍လည်း ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့်  ပြီးခဲ့သည့်တစ်နှစ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်ခဲ့ရာတွင် ရဲသူရတံဆိပ် ၁၀ ဦး၊ ရဲဗလတံဆိပ် ၁၃၂ ဦး၊ ရဲကျော်သူတံဆိပ် ၂ ဦး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၁ ဦး၊ ရဲမှုထမ်းကောင်းတံဆိပ် ၃၈၉ ဦး၊ နိုင်ငံတော်ရဲမှုထမ်းတံဆိပ် ၇၈၆ ဦး၊ မြန်မာနိုင်ငံရဲပူးတွဲတိုက်ပွဲဝင် တံဆိပ် ၂,၇၆၅ ဦး၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ၆၇ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ် ၅၇ ဦး၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ် ၅,၆၄၂ ဦး၊ စုစုပေါင်း ၉,၈၅၁ ဦးကို ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *