October 4, 2024

၁.၁ဝ.၂၀၂၄
Written by K Pyay Thein

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက တိုက်ပွဲ‌တွေကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရနယ်မြေထဲ စစ်ဘေးရှောင်‌နေရသူ မြန်မာလူမျိုးသောင်းနဲ့ချီရှိနေတယ်လို့ စစ်ဘေးရှောင်ကိစ္စရပ်တွေကို ကူညီပေးနေသူတွေထံကနေ သိရပါတယ်။

“တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရနယ်မြေထဲကို စစ်ဘေးရှောင်နေရသူ မြန်မာလူမျိုးသောင်းနဲ့ချီရှိနေတယ်။ ဒါက ပြုစုထားတဲ့ စာရင်းတွေအရ သိရတယ်။ အခုဆို ၇ သောင်းလောက်ရှိနေတယ်လို့ ပြောတယ်။ အိန္ဒိယဘက်ကတော့ သူတို့ထဲကိုစစ်ရှောင်လာသူ ၃ သောင်းခွဲလောက်ရှိနေတယ်လို့ ပြောတယ်။ စစ်ကိုင်းနဲ့ မကွေးဘက်ကတော့များတယ်လို့ သိရတယ်။‌‌နောက်တစ်ချက်က ဒါကို အိန္ဒိယဘက်က တရားဝင်လက်ခံထားတာတော့မဟုတ်ဘူးပေါ့။ နားလည်မှုနဲ့ ရှောင်ကြ၊ နေကြရတာပါ”လို့ စစ်ဘေးရှောင်ကိစ္စရပ်တွေကို ကူညီပေးနေသူတစ်ဦးက MT News ကို ပြောပါတယ်။

ကုလသမဂ္ဂကတော့ ပြီးခဲ့တဲ့လေးနှစ်တာကာလအတွင်းမှာ စစ်ပြေးဒုက္ခသည်ပေါင်း ၆ ဒသမ ၃ သန်းကျော်ရှိခဲ့တယ်လို့ ဆိုထားပြီး အခုနှစ်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) နောက်ပိုင်းကာလမှာ စစ်ပြေးဒုက္ခသည် နှစ်သန်းခွဲနီးပါး ထပ်တိုးလာတာလို့ သူတို့ရဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

အခုလို စစ်ဘေးရှောင်တွေတိုးလာရတာဟာ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အကျိုးဆက်ဖြစ်တယ်လို့လည်း ပြည်တွင်းရှိ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

“စစ်ကိုင်းတိုင်းဘက်က ငဖဲဘက်ကတော့အဆိုးဆုံးပေါ့။ လက်နက်ကိုင်အဖွဲ့တွေက ပုံစံမျိုးစုံနဲ့ရှိနေကြတယ်။ မုံရွာနဲ့ စစ်ကိုင်းကိုသွားတဲ့လမ်းမှာဆို ပိုဆိုးတယ်။ လက်နက်ကိုင်အဖွဲ့တွေက အများကြီးရှိနေတာလေ။ တပ်ဘက်က ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လောက်ပဲ လုံခြုံရေးချချ ခြုံခိုတိုက်ကြတာပါပဲ။ အဲ့လိုထိ‌တွေ့တိုက်ပွဲတွေက အမြဲဖြစ်နေတယ်။ စစ်ကိုင်းတိုင်းထဲကသူတွေက အိန္ဒိယဘက်ကို‌ ပြေးကြရတယ်။ စစ်ဘေးရှောင်သူတွေအနေနဲ့ ဒီလိုပဲ အဆင်ပြေသလို ရှာ‌ဖွေကြံဖန်စားသောက်ပြီး နေကြရတယ်။ တချို့လည်းအခြေအနေကောင်းရင် ဒီဘက်ကို ပြန်ဝင်လာကြတယ်။ အိန္ဒိယဘက်ကလည်း လူဦးရေများလာတာကိုသူတို့က ဂရုမစိုက်ဘူးလေ။ သူတို့နိုင်ငံဘက်ကို မူးယစ်ဆေးဝါးနဲ့ လက်နက်မရောက်ရင် ရပြီ။ ဘာလို့ဆို သူတို့ဘက်မှာလည်း မီဇိုရမ်လက်နက်ကိုင်သူပုန်အဖွဲ့တွေရှိတာကိုး။ အဲ့ဒါကိုတော့ အိန္ဒိယဘက်က သေချာကိုင်တွယ်တယ်။ လူဦးရေကိစ္စကတော့ သူတို့က ဒီအတိုင်း ထားလိုက်တာပါပဲ။ အခုဆို သူတို့ထဲမှာ မြန်မာဘက်ကစစ်ရှောင်တွေက အများဆုံးရှိ‌‌နေတယ်လို့‌ ပြောလို့ရတာပေါ့”လို့ သူက ပြောပြပါတယ်။

ဒီလိုလက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာတာ ကြားထဲကမြေစာပင် ပြည်သူလူထုတွေပဲ ပို ထိခိုက်နစ်နာရတယ်လို့ စစ်ကိုင်းတိုင်းဒေသခံတစ်ဦးက အခုလိုဆက်ပြီး ပြောပြခဲ့ပါတယ်။

“စစ်ကိုင်းတိုင်းထဲကတော့ ဘာမှမစဉ်းစားနဲ့။ ဘာမှကိုလုပ်လို့မရတာပေါ့။ ဒီထဲကလူတွေက စစ်ရှောင်ဆိုအိန္ဒိယဘက်ပဲ သွားကြရတာပေါ့။ ကလေး၊ တမူးဘက်က ဒေသခံတွေ အများဆုံးရှောင်ကြတာပေါ့။ အိန္ဒိယဘက်က အခုသူတို့မှာ ကုလားတန်မြစ်၀ှမ်းစီမံကိန်းဆိုတာရှိတယ်။ ဒါကိုလည်း သူတို့ကလုပ်ချင်တော့လက်နက်ကိုင်ပဋိပက္ခတွေကို ချုပ်ငြိမ်းချင်တဲ့သဘောရှိတယ်။ အခု ချင်းဘက်မှာလည်း နာဂလက်နက်ကိုင်တိုင်းရင်းသားတွေရှိသလို အိန္ဒိယက သူတို့ဘက်မှာလည်း မီဇိုရမ်သူပုန်တွေလည်းရှိနေတော့လူဦးရေများလာရင် လက်နက်ကိုင်တွေတိုးလာမှာကိုလည်း သူတို့ကစိတ်ပူတယ်။ နောက်လူဦးရေများလာရင် နယ်မြေပြဿနာတွေ ဒါတွေလည်းရှိနေပါတယ်”လို့ စစ်ကိုင်းဒေသခံတစ်ဦးက သူရဲ့အမြင်ကို ဆက်ပြီးပြောပြခဲ့ပါတယ်။

ပုံစာ – စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူ အချို့အားတွေ့ရစဉ် (Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *