October 4, 2024

၁. ၁၀. ၂၀၂၄
Written by Nay Moe

ကယားမှာ ဆိုင်ကလုန်းမုန်တိုင်းရာဂီတိုက်ခတ်နေချိန် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က ညဘက် လေ့ကျင့်ရေးပြုလုပ်နေချိန်မှာ ဆေးသင်တန်းက KNDF လက်နက်ကိုင် ၁၈ ဦး ရေနစ်မြုပ်သေဆုံးခဲ့ရတာမှာ အရက်သေစာသောက်စားထားတဲ့ သင်တန်းကျောင်းအုပ်နဲ့ သင်တန်းဆရာတွေရဲ့ လုပ်ရပ်ကြောင့်ဖြစ်ပြီး အသက်ကယ်ဖို့အတွက် လိုအပ်တာတွေလည်း ပြင်ဆင်ခဲ့မှုမရှိဘူးလို့ KNDF ၁၈ ယောက်သေဆုံးရတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ မြေပြင်စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့တွေ့ရှိချက်အစီရင်ခံစာ အနှစ်ချုပ်ကို ကရင်နီအမျိုးသားများကာကွယ်‌ရေးတပ် KNDF က ဒီနေ့ အောက်တိုဘာ ၁ ရက် ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် ည ၈ နာရီခွဲအချိန်မှာ KNDF က သင်တန်းကျောင်းအုပ်အပါအဝင် ခေါင်းဆောင် ၆ ဦးက Frontline/ Combat Medic သင်တန်းမှာ လူ ၁၀၂ ဦး တက်ခဲ့ပေမဲ့ ဖြစ်စဥ်ဖြစ်တဲ့နေ့မှာ ၄ ဦးဖျားနေလို့ တပ်ရင်းတပ်ဖွဲ့အသီးသီးက သင်တန်းသား ရဲဘော်၊ ရဲမေ ၉၈ ဦးဟာ ခိုင်းစေတဲ့အတိုင်း Happy Mission ပြုလုပ်ဖို့ လယ်စိုက်ခင်းနားထဲက ချောင်းကူးတံတားနားကစတင်ပြီး ရေထဲကို တစ်ယောက်ပခုံးတစ်ယောက်ကိုင်ကာ နှစ်ယောက်တစ်တွဲအနေအထားနဲ့ ဆင်းခဲ့ပေမဲ့ ရဲဘော်တစ်ချို့ပဲ တံတားတစ်ဖက်ကမ်းကိုကူးနိုင်ပြီး ၁၈ ယောက်က တောင်ကျရေထဲ နစ်မြုပ် မျောပါသေဆုံးခဲ့ပါတယ်။

တောင်ကျရေဟာ ဒူးလောက်ကနေ ရင်ဘတ်လောက်အထိ မြန်ဆန်စွာစီးဆင်းနေပေမဲ့ သင်တန်းတာဝန်ရှိသူတွေက
ရေထဲမဆင်းမီမှာ သင်တန်းသား အမျိုးသားတစ်ယောက်ကို မြေကြီး(သို့)ကျောက်ခဲ အလေးချိန် ၅ ပိသာခန့်၊ အမျိုးသမီးဆိုရင် ၃ ပိဿာခန့်ကို ကျောပိုးအိတ်၊ ဆာလာအိတ်တွေနဲ့သယ်ယူဖို့ ခိုင်းစေခံခဲ့ရပြီး သင်တန်းသားတွေ ရေထဲဖြတ်ကူးချိန်မှာ ရေစိုခဲ့တာကြောင့် ၅ ပိသာခန့်အိတ်က ၁၁ ပိသာခန့်နဲ့ ၃ပိသာခန့်အိတ်တွေက ၆ ပိသာခန့် အလေးချိန်ပြောင်းလဲသွားတယ်လို့လည်း သိရပါတယ်။

KNDF တပ်ဖွဲ့ဝင် ၁၈ ယောက်ကို သေစေခဲ့တဲ့ သင်တန်း ကျောင်းအုပ်ဟာ ညဘက် Happy Mission မစ်ရှင်ဆုံးဖြတ်ချက်မချခင်မှာ အင်တာနက်အသုံးပြုခွင့်ရခဲ့ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေတာကို သတိပြုမိပေမဲ့ မစ်ရှင်ပြုလုပ်ချိန်မှာ အသက်အန္တရာယ်ထိခိုက်မှုအနည်းဆုံးဖြစ်နိုင်မယ့်နည်းနာ၊ ဆန်းစစ်ချက်၊ လိုအပ်တဲ့ ကြိုး၊ အသက်ကယ်ပစ္စည်းစတဲ့ အထောက်အကူတွေ၊ ကျန်းမာရေးလုပ်သား၊ ကယ်ဆယ်ရေးလုပ်သားစတဲ့ အရေးပေါ်ဆိုင်ရာ ကူညီစောင့်ရှောက်မှုတွေကို လုံးဝ(လုံးဝ)ပြင်ဆင်ခဲ့ခြင်းမရှိတာကို တွေ့ရှိခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားသလို သင်တန်းကျောင်းအုပ်နဲ့ သင်တန်းဆရာနှစ်ဦးကလည်း မစ်ရှင်ဆုံးဖြတ်ချက်မချခင် အရက်သေစာသောက်စားထားတယ်လို့ ဝန်ခံခဲ့ကြပါတယ်။

အခု လူ ၁၈ ဦး သေဆုံးခဲ့ရတဲ့ Happy Mission ဖြစ်စဉ်မှာ သင်တန်းဆရာတွေဟာ တသီးပုဂ္ဂလဆုံးဖြတ်ချက်နဲ့ စီစဉ်ဆောင်ရွက်ခဲ့ပြီး အပြစ်ရှိကြောင်း ဝန်ခံထားပေမဲ့ KNDF ဒုတိယ စစ်ဦးစီးချုပ် မာဝီတို့အုပ်စုကတော့ သင်တန်းဆရာတွေကို အပြစ်မပေးစေချင်တဲ့ပုံစံ လူမှုကွန်ရက်မှာရေးသားထသလို ဒီအစီရင်ခံစာကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC နဲ့ KNDF ဗဟိုကော်မတီကို တင်ပြထားကြောင်းနဲ့ နောက်ဆက်တွဲလုပ်ငန်းစဉ်တွေကို KNDFက ဆက်လက်အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။

ပုံစာ။ ရေနစ်သေဆုံးသော KNDF အချို့နှင့် အစီရင်ခံစာ။

Leave a Reply

Your email address will not be published. Required fields are marked *