October 4, 2024

၁. ၁၀. ၂၀၂၄
Written by Nay Moe

ရခိုင်လက်နက်ကိုင် AA က ဖက်ဆစ်ဝါဒီကျင့်သုံးပြီး ပလက်မြို့နယ်က ချင်းပြည်သူတွေကို ရိုက်နှက်ခြင်း၊ အိမ်တွင်းပစ္စည်းရိုက်ခွဲခြင်း၊ ရွာသားများကိုဖမ်းဆီးခြင်းစတဲ့ ​လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ကာ ဖက်ဆစ်ဝါဒီကျင့်သုံးနေတယ်လို့ Global Khumi Organization က ထုတ်ပြန်ပါတယ်။

AA လက်နက်ကိုင်တွေဟာ ဩဂုတ် ၂၄ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပိန္နဲတပင်ကျေးရွာမှာ အရက်မူးပြီး အချင်းချင်းရိုက်နှက်လို့ သတိလစ်နေတာကို တခြားရခိုင်တွေက သေချာမစိစစ်ဘဲ ပိန္နဲတပင်ရွာ (LaKeung avang)နဲ့ သဲမချောင်းဝ ကျေးရွာ (Kimavum avang) က AA ခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးအားလုံးနဲ့ အခြားသောဘကျေးရွာသားငါးဦး(အားလုံးပေါင်း၁၅ဦးခန့်) ကို လက်ပြန်ကြိုးတုပ် ရိုက်နှက်လို့ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တယ် ပြောပါတယ်။

အလားတူ စက်တင်ဘာလ (၁)ရက်နေ့ညမှာလည်း CNF/A ရောက်လာတယ်ဆိုပြီး ခူမီး(ချင်း)နေထိုင်တဲ့ ကြွေသောင်ကျေးရွာအုပ်စု၊ လောင်းတင် (Laung Tang) ရွာကို ရခိုင် AA လက်နက်ကိုင်တွေ ညမိုးမချုပ်မီရောက်လာပြီး ရွာပတ်လည် အားလုံးကိုဝိုင်းထားကာ AA တပ်ဖွဲ့ဝင်တွေက အမျိုးသမီးနဲ့ နို့စို့ကလေးငယ်များအပါအဝင် ရွာသားအားလုံးကို ရွာစာသင်ကျောင်းထဲ စုခိုင်းပြီး ရွာကအိမ်တိုင်းဝင်ကာ လူသစ်ရှိ/မရှိကိုစစ်ဆေးခဲ့ရာမှာ တချို့အိမ်တွေကို သေတ္တာ၊ ဗီရိုများစွာကို ရိုက်ချိုးဖျက်ဆီးခဲ့တယ်ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလအတွင်းမှာပဲ CDF-Paletwa ကို ထောက်ပံ့မှုနဲ့ ကျေးရွာလေးရွာက ပြည်သူအနည်းဆုံး ၁၄ ယောက်ကို AA က ဖမ်းဆီးခဲ့သလို စက်တင်ဘာ ၁၇ ရက်မှာ င/ရှားကျေးရွာက ဦးလင်းဝိုက်၊ ဦးထိန်လင်း၊ ဦးအောင်မ၊ ဦးပန်မြတ်ထိုက်နဲ့ ဦးယက်ရယ် (Yeh Ray)၊ ချင်းဒေါက်ကျေးရွာက ဦးနန်းဘဲနဲ့ ဦး ကျော်လှအောင်၊ ကုန်းတော် အုပ်စု ရေချမ်းသာကျေးရွာမှ ၃ ဦး (နာမည်စိစစ်ဆဲ)ကို AA က ဖမ်းဆီးခေါ်ဆောင်သွားတယ်ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ၂၆ ရက်နေ့မှာလည်း အောက်ဘလိုင်ကျေးရွာက ဦးစွန်းအောင်(၆၈) နှစ်၊ ဦးခင်ကျော် (၃၅) နှစ်၊ ဦးကာပန် (၅၅) နှစ်၊ ဦးဟွေ့ကို (၅၇) နှစ်တို့ကို AA က နောက်ပြန်ကြိုးသုတ်၊ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတယ်ပြောပါတယ်။

AA ဟာ ပလက်ဝမြို့နယ်ကို ၂၀၁၅ နောက်ပိုင်းကတည်းက မင်းမဲ့စရိုက်လက္ခဏာနဲ့ အဓမ္မကျူးကျော် ဝင်ရောက်လာပြီး ဒေသခံချင်းပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ကြိုးတုပ်ခြင်း၊ လူသားမဆန်စွာရိုက်နှက်ခြင်းနဲ့ အာဏာရှင်ဆန်ဆန်ပြည်သူတွေကို သနားညှာတာမှုမရှိ နည်းလမ်းပေါင်းစုံ ညှင်းပန်းနှိပ်စက်နေတယ်လို့လည်း GKO က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *