October 4, 2024

၁. ၁၀. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက အစ္စရေးနိုင်ငံမြောက်ပိုင်းနယ်စပ်တစ်လျှောက် လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် တပ်စွဲထားကြသော ဟစ်ဇ်ဘိုလာတပ်ဖွဲ့များနှင့် အခြေခံစခန်းများကို စက်တင်ဘာလ ၃၀ ရက် ညပိုင်းတွင်စတင်၍ မြေပြင်ထိုးစစ်များပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ကြသည်။

အဆိုပါထိုးစစ်များကို အစ္စရေးအစိုးရ၏ အမျိုးသားလုံခြုံရေးကောင်စီက ဟစ်ဇ်ဘိုလာအုပ်စုကိုတိုက်ခိုက်ရန် အစီအစဉ်များကို အတည်ပြုခဲ့ပြီးနာရီပိုင်းအကြာတွင် ပြုလုပ်ခဲ့ခြင်းဟု သိရသည်။

အစ္စရေးလုံခြုံရေးတပ်ဖွဲ့က ပစ်မှတ်ထားရှိပြီး အကန့်အသတ်နှင့်ဖြစ်သော အစ္စရေးတပ်ဖွဲ့များ၏ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုများကို နာရီအနည်းငယ်မတိုင်ခင်က စတင်ခဲ့ပြီးဖြစ်ကြောင်း၊ Blue Line ခေါ် ဆုတ်ခွာရေးလိုင်း၏ အခြားတစ်ဖက်ရှိ အစ္စရေးနိုင်ငံ၏မြို့များကို ခြိမ်းခြောက်အန္တရာယ်ပြုနေကြသော နယ်စပ်တစ်လျှောက်ရှိ လက်ဘနွန်ကျေးရွာအချို့မှ ဟစ်ဇ်ဘိုလာပစ်မှတ်များနှင့် အခြေခံစခန်းများကို အလေးထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၁ ရက် နံနက်အစောပိုင်းနာရီများတွင်ပြောကြားခဲ့သည်။

အစ္စရေးမြေပြင်တပ်ဖွဲ့များ၏ လက်ဘနွန်တောင်ပိုင်းသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို လေကြောင်းနှင့် အမြောက်ကြီးတပ်ဖွဲ့များက ပါဝင်ကူညီခဲ့ကြကြောင်း၊ စစ်ဆင်ရေးစီမံချက်များကို အစ္စရေးတပ်ဖွဲ့များ၏ ကာကွယ်ရေးဦးစီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ရေးဆွဲခဲ့ကြကြောင်း အစ္စရေးစစ်ဖက်က ပြောခဲ့သည်။ အစ္စရေးစစ်ဖက်က လက်ဘနွန်နိုင်ငံ၏ နယ်မြေကို ကြာရှည်သိမ်းယူထားရန် မရည်ရွယ်ဟု ပြောခဲ့သော်လည်း စစ်ဆင်ရေး၏အချိန်ကာလကို မပြောကြားခဲ့ပေ။

အစ္စရေးအနေနှင့် ဟစ်ဇ်ဘိုလာတို့နှင့် ဤကဲ့သို့ တိုက်ခိုက်မှုများ စတင်ပြုလုပ်သည်အထိ ပဋိပက္ခအရှိန် တိုးမြင့်လာခြင်းက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ပြုလုပ်ရန်ဖိအားပေးနေသည့်အဓိက မဟာမိတ်အမေရိကန်ကို အာခံလိုက်သကဲ့သို့လည်းဖြစ်သည်ဟု ယူဆကြသည်။ သို့သော် အချို့သတင်းများကမူ ဤတိုက်ခိုက်မှုတွင် အမေရိကန်၏ထောက်ခံချက်ပါသည်ဟု ယူဆရကြောင်း ဖော်ပြခဲ့ကြသည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြားဖြစ်ပွားနေသော ပဋိပက္ခကြောင့် လက်ဘနွန်နိုင်ငံအတွင်း လူ ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး အိုးအိမ်များဖျက်ဆီးခံရကာ လူတစ်သန်းခန့် အိမ်ရာများပစ်၍ ထွက်ပြေးခဲ့ရကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ဟစ်ဇ်ဘိုလာတို့က အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုအတွင်း ဘေရွတ်မြို့ရှိ ဟစ်ဇ်ဘိုလာဌာနချုပ်၌ စက်တင်ဘာလ ၂၇ ရက်က သေဆုံးခဲ့ရသော ၎င်းတို့အဖွဲ့၏အကြီးအကဲ ဟတ်ဆန် နာ့စ်ရာလာ၏နေရာတွင် အခြားခေါင်းဆောင်တစ်ဦးကိုဖြစ်နိုင်သမျှ အမြန်ဆုံးရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် အဖွဲ့၏ ခေါင်းဆောင်များကျဆုံးခဲ့ရသော်လည်း ပါလက်စတိုင်းတို့ကိုထောက်ခံလျက် အစ္စရေးတို့ကို ဆက်လက် တိုက်ခိုက်သွားရန် သန္နိဋ္ဌာန်ချထားကြောင်းပြောကြားခဲ့ကြသည်။

Ref- Times of Israel, CNN

Leave a Reply

Your email address will not be published. Required fields are marked *