၁. ၁၀. ၂၀၂၄
Written by Nyein Kyaw
ဗဟိုဘဏ်မှ ဒေါ်လာ ၁၃ ဒသမ ၁၆၉ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၈၂၅ သန်း ထပ်မံထုတ်ရောင်း၍ နှစ်လအတွင်း ဒေါ်လာသန်း ၃၁၀ ကျော်အထိ ထုတ်ရောင်းပေးထားကြောင်း စက်တင်ဘာ ၃၀ ရက်(ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီ အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့၍ ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ဒေါ်လာ ၂၂၈ သန်းအထိ ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။
ထို့နောက်တွင်လည်း ဒေါ်လာများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့ရာ ယခုထပ်မံရောင်းပေးမှုအပါအဝင် နှစ်ပတ်အတွင်း ရောင်းချပေးမှုမှာ ဒေါ်လာ ၈၈ သန်းကျော်အထိရှိသောကြောင့် ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ နှစ်လအတွင်း စုစုပေါင်းဒေါ်လာရောင်းချပေးမှုမှာ ဒေါ်လာ ၃၁၆ သန်း ကျော်အထိ ရှိလာပြီဖြစ်သည်။
အဆိုပါကာလအတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့် ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကိုလည်း ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့ရာ ယခုထပ်မံရောင်းသည့် တရုတ်ယွမ် ၁ ဒသမ ၈ သန်းကျော်အပါအဝင် ယွမ်သန်း ၃၀ ခန့် ထုတ်ရောင်းပေးခဲ့သလို ထိုင်းဘတ်သန်း ၃၂၀ ကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည်။
ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် စက်တင်ဘာ ၂၇ ရက်မှစတင်၍ ကျပ် ၅၀၀၀ အောက်သို့ ဒုတိယအကြိမ်ကျဆင်းခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၄၇၂၀ သို့ ကျဆင်းခဲ့သည်။