October 4, 2024

၁.၁၀.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ပိတောက်ရိပ်သာ (၃) လမ်း၊ အမှတ် – ၇( က) တွင် နေထိုင်သည့် Grade-9 ကျောင်းသားတစ်ဦး ကျောင်းသွားတက်ရာမှ ( ၄) ရက်ခန့်ကြာပျောက်ဆုံးနေကြောင်း ၎င်း၏မိဘများထံမှ သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် ဖော့ကန်ရပ်ကွက်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းတက်ရောက်နေသည့် ပျောက်ဆုံးနေသူ Grade-9 ကျောင်းသား မောင်ရဲခန့်ကျော်ဆိုသူကို ဆိုင်ကယ်ကယ်ရီဖြင့် ကျောင်းသို့လိုက်ပို့စဥ် လမ်း၌ဆင်းနေခဲ့ကြောင်း၊ ထိုအချိန်မှစပြီး ယနေ့ အောက်တိုဘာလ ၁ ရက်နေ့အထိ ရှာဖွေမတွေ့ရှိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ကယ်ရီနဲ့သွားတာ။ ၁၂ နာရီဆို ကျောင်းစတက်ရမှာဆိုတော့ ၁၁ ကျော်မှာ အိမ်ကနေသွားတာ။ အဲ့မှာသူက သူ့သူငယ်ချင်းအိမ်နားမရောက်ခင် ဆိုင်ကယ်ပေါ်က ဆင်းသွားတယ်တဲ့။ အိမ်နဲ့ သူ့သူငယ်ချင်းအိမ်နဲ့ဆို ၅ မိနစ်လောက် ဆိုင်ကယ်နဲ့သွားရင် ရောက်တယ်။ သူကျောင်းကို ရောက်မလာတော့ ကျောင်းကဖုန်းဆက်တယ်။ အဲ့ထဲက ပျောက်သွားတာ။ သူ့အမေက ကျောင်းနောက်ကျလို့ သူ့သူငယ်ချင်းအိမ်မှာ နေနေတယ်လို့ထင်တာ။ ညနေခင်းလည်း ပြန်ရောက်မလာ။ သူ့သူငယ်ချင်းအိမ် ဖုန်းဆက်တော့လည်း မလာဘူးပြောတယ်။ သူက ဖုန်းလည်းမပါဘူး။ ကျောင်းမုန့်ဖိုး ၂၅၀၀ ပဲပါသွားတာ။ ပြီးတော့ ကျန်းမာရေးလည်းမကောင်းဘူး။ ငယ်ငယ်လေးထဲက အဆုတ်မကောင်းတာ။ ၄ လပိုင်းလောက်ကတောင် လည်ပင်းအကျိတ်ခွဲရတယ်” ဟု ပျောက်ဆုံးနေသည့်ကျောင်းသား မောင်ရဲခန့်ကျော်၏ ဖခင်ဖြစ်သူ ဦးဇော်မင်းအောင်က MT News သို့ ပြောသည်။

ပျောက်ဆုံးနေသူ အသက် (၁၇) နှစ်အရွယ် Grade-9 ကျောင်းသား မောင်ရဲခန့်ကျော်ကို တွေ့ရှိ အကြောင်းကြားပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဖြစ်ပြီး၊ ထိုကျောင်းသားပျောက်ဆုံးကြောင်းကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် အင်းစိန်မြို့ရဲစခန်းတွင် လူပျောက်တိုင်ထားကြောင်း၊ တွေ့ရှိပါက မိဘများ၏ ဖုန်း ၀၉-၈၉၄၉၂၆၁၆၇ နှင့် ၀၉-၇၈၁၅၁၁၇၈၁ သို့ ကူညီ ဆက်သွယ်ပေးနိုင်ကြောင်း သိရသည်။

Photo – Zaw Min Aung

Leave a Reply

Your email address will not be published. Required fields are marked *