October 4, 2024

Photo -သန်းခေါင်စာရင်းကောက်ယူရေး ယနေ့ပုံရိပ်အချို့ (Photo / CJ)

၁.၁ဝ.၂၀၂၄
Written by K Pyay Thein

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွေကို ယနေ့ အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်လိုက်ပြီဖြစ်ပြီး ကနဦးအ‌နေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဦးစားပေးကောက်ယူမှုတွေ ပြုလုပ်နေတယ်လို့ မြေပြင်မှာကွင်းဆင်းပြီး အချက် အလက်‌တွေကို ကောက်ယူ‌နေသူတွေထံကနေ သိရပါတယ်။

“ဒီနေ့ကစပြီးတော့ သန်းခေါင်စာရင်းတွေ စတင်ကောက်ယူနေပါပြီ။ မြို့နယ်တွေအားလုံးမှာ စကောက်နေပြီဖြစ်တယ်။ အခုကျွန်တော်တို့က ကနဦးအနေနဲ့လောလောဆယ်မှာပေါ့ ဘယ်‌တွေမှာကောက်လဲဆိုရင် ရထားဘူတာရုံတို့ ကားဂိတ်တို့ သင်္ဘောဆိပ်တို့လိုနေရာမျိုးမှာ ရွှေ့ပြောင်းသွားလာနေထိုင်တဲ့သူတွေကို ကနဦးအနေနဲ့ ကောက်ယူ‌နေပါတယ်။ နောက်တစ်အိမ်တက်ဆင်း ကောက်ယူသွားမှာဖြစ်သလို တည်းခိုခန်းတွေ ဟိုတယ်တွေမှာကအစ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တွေကို ပြုလုပ်နေပါတယ်”လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက MT News ကို ပြောပါတယ်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု‌တွေကို ယနေ့ အောက်တိုဘာလ ၁ ရက်နေ့မှစတင်လို့ ၁၅ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အမှန်တည်ရှိနေသော လူဦးရေနှင့်အိမ်အကြောင်းအရာ ကိန်းဂဏန်းအချက်အလက်‌တွေကို ကွင်းဆင်းကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“စကောက်တဲ့နေ့က အခု အောက်တိုဘာလ ၁ ရက်နေ့ကစလို့ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ပါတယ်။ မြို့နယ်တွေ၊ ရပ်ကွက်တွေအတော်များများမှာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တွေကို သူ့အဖွဲ့တွေအလိုက်ဆောင်ရွက်နေကြပါတယ်”လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ထပ်လောင်းပြောပြပါတယ်။

သမိုင်းအချက်အလက်တွေအရ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ ၁၈၇၂ ခုနှစ်က စတင်လို့ ကောက်ယူခဲ့တာဖြစ်ပြီး (၁၀)နှစ်တစ်ကြိမ် ပုံမှန်ကောက်ယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ အခုလိုပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရတာဟာ နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကိန်းဂဏန်းအချက်အလက်တွေကို မှန်မှန်ကန်ကန်ထုတ်ဖော်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

ဒါ့အပြင် အခု‌ အောက်တိုဘာလ ၁ ရက်‌နေ့မှ ၁၅ ရက်နေ့အတွင်း နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး လူဦးရေနှင့် အိမ်အကြောင်းအရာဆိုင်ရာမေးခွန်းများကို စာရင်းကောက်၊ စာရင်းစစ်အဖွဲ့မက မေးမြန်းကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo -သန်းခေါင်စာရင်းကောက်ယူရေး ယနေ့ပုံရိပ်အချို (Photo / CJ)

Leave a Reply

Your email address will not be published. Required fields are marked *