October 4, 2024

၁.၁၀.၂၀၂၄
Written By Thandar

Canal Plus က ထုတ်လုပ်ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ “ရင်ထဲကြွေတဲ့ကြယ်” နဲ့ “တစ်ယောက် တစ်ပေါက် တစ်မိုးအောက်” တွေက Asia Academy Creative Awards ပွဲရဲ့နိုင်ငံအသီးသီး ကိုယ်စားပြု ဆန်ကာတင်စာရင်း (National Winner) ဝင်ရောက်ခဲ့တာဟာ တစ်ဖွဲ့လုံးရဲ့ ကြိုးစားအားထုတ်မှုဖြစ်တဲ့အတွက် တစ်ဖွဲ့လုံးအတွက် ဂုဏ်ယူပါတယ်တယ်လို့ ဒါရိုက်တာ ဝေယံဖေက ဆိုပါတယ်။

“ကျွန်တော့်အနေနဲ့ ပြည်ပက Asia Academy Creative Awards မှာ ဆန်ကာတင်စာရင်းဝင်တာမို့ အတိုင်းမသိ ဝမ်းသာမိပါတယ်ခင်ဗျာ။ တစ်ဖွဲ့လုံးရဲ့ ကြိုးစားအားထုတ်မှုရဲ့ရလဒ်ပါပဲ။ ကျွန်တော့်အပေါ် ယုံကြည်ပေးကြတဲ့ Canal Plus ရော၊ မနိုရာကိုရော ကျေးဇူးတင်သလို တူတူကြိုးစားခဲ့ကြတဲ့ အဖွဲ့ဝင်တစ်ဦးတစ်ယောက်ချင်းဆီကိုလည်း တကယ်ကျေးဇူးတင်ပါတယ်” လို့ ဒါရိုက်တာ ဝေယံဖေက MT Entertainment ကို ပြောပါတယ်။

နှစ်စဥ်ကျင်းပနေကြဖြစ်တဲ့ အာရှအနုပညာဖန်တီးမှုဆိုင်ရာ အကယ်ဒမီဆုပေးပွဲကြီး Asia Academy Creative Awards (AACA) ပွဲရဲ့ နိုင်ငံအသီးသီးကိုယ်စားပြုဆန်ကာတင်စာရင်း (National Winner) တွေကို ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ National Winner စာရင်းထဲမှာ “ရင်ထဲကြွေတဲ့ကြယ်” ဇာတ်လမ်းတွဲဟာဆိုရင် အကောင်းဆုံး ရုပ်သံစီးရီးဆု (BEST DRAMA SERIES AWARD)၊ အကောင်းဆုံးဇာတ်ဝင်တေးသီချင်းဆု (BEST THEME SONG AWARD) တို့ နိုင်ငံကိုယ်စားပြုဆန်ကာတင်စာရင်းဝင်ခဲ့ပြီး “ရင်ထဲကြွေတဲ့ကြယ်” ဇာတ်လမ်းတွဲရဲ့ ပရိသတ်အချစ်တော်လေး “ပိုးမမှီသာ” ကလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (BEST LEADING ACTRESS) မှာ National Winner ကို အရယူနိုင်ခဲ့ပြီး အာရှရဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသမီးတွေနဲ့အတူ နောက်ဆုံးပြိုင်ပွဲကြီးမှာ အကောင်းဆုံးဆုအတွက် ယှဥ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

“ရင်ထဲကြွေတဲ့ကြယ်” ဇာတ်လမ်းတွဲကို ဒါရိုက်တာ ဝေယံဖေက ရိုက်ကူးပြီး သရုပ်ဆောင် အလင်းရောင်၊ အကယ် ဒမီ မင်းဦး၊ နေမျိုးအောင်၊ မင်းသူ၊ တီစော၊ ရဲပီတိ၊ ထပ်ဆင့်အကယ်ဒမီ မိုမိုမြင့်အောင်၊ ပန်းရောင်ခြယ်၊ ပိုးမမှီသာ၊ အကယ်ဒမီ မြတ်ကေသီအောင်၊ ရှင်ဖုန်းပြည့်၊ တင်ဇာဝင်းပြည့်နဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။

“ဒီကားထဲက ဇာတ်ဝင်တေးတစ်ပုဒ်ချင်းဆီကလည်း အရမ်းအဓိပ္ပာယ်ရှိပြီး အရမ်းကောင်းပါတယ်။ အဲ့အတွက် Lil Chan ရော ပြောတဲ့အတိုင်း လိုက်လုပ်ပေးတဲ့ ပိုးအတွက်ရော ဝမ်းသာပါတယ်။ ကျွန်တော် အမြဲပြောခဲ့သလိုပဲ တစ်ဦးတစ်ယောက်ထဲကောင်းလို့ ကျွန်တော်အလုပ်ကမရပါဘူး။ အခုလိုရလဒ်မျိုးက တစ်ဖွဲ့လုံးရဲ့ ကြိုးစားအားထုတ်မှုဖြစ်တဲ့အတွက် တစ်ဖွဲ့လုံးအတွက် ဂုဏ်ယူပါတယ် ခင်ဗျာ”လို့ သူကဆက်ပြောပါတယ်။

“တစ်ယောက်တစ်ပေါက် တစ်မိုးအောက်” ကို ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ဂွမ်းပုံကြီး၊ အရိုင်း၊ ဂွမ်းပုံလေး၊ နေရည်ဝင်းလဲ့၊ သံသာညီ၊ နှင်း၊ အောင်ရဲထိုက်၊ စိုင်းကောင်းမင်းမြတ်နဲ့ ကလေးသရုပ်ဆောင်တွေဖြစ်ကြတဲ့ စည်သူထက်၊ မိကြယ်စင်ကျော်ကျော်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Asia Academy Creative Awards ရဲ့ နောက်ဆုံးပြိုင်ပွဲ “Gala Finals” ပွဲကိုတော့ ၂၀၂၄ ခုနှစ် လာမယ့် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ပြီး အကောင်းဆုံးဆုတွေကို ပေးအပ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *