၃၀. ၁၂. ၂၀၂၂
MT News Editorial
မြန်မာနိုင်ငံ၏ ၁၉၄၈ မှ ၁၉၅၈ ကာလများသည် ပါလီမန်သမ္မတစနစ် (Parliamentary Republic) ကို ကျင့်သုံးခဲ့ရာ နိုင်ငံတော်၏ ခေါင်းဆောင်အဖြစ် နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့၏ ခေါင်းဆောင်အဖြစ် နိုင်ငံတော်ဝန်ကြီးချုပ်တို့ကို ထားရှိခဲ့ပေသည်။
ရွေးကောက်ပွဲများကို လေးနှစ်လျှင်တစ်ကြိမ် ကျင်းပပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းမဲပေးနိုင်၍ အသက် ၂၁ နှစ်ပြည့်ပြီးသူတိုင်း အမတ်အဖြစ်ရွေးကောက်ခံခွင့်ရှိခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ပြီးလျှင် အုပ်ချုပ်မည့်အစိုးရသစ်ကို တင်မြှောက်ရန် ၁၉၄၇ တွင် ရွေးကောက်ပွဲကျင်းပခဲ့လေသည်။ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေးပြုလုပ်၍ နိုင်ငံတော်သမ္မတကို ရွေးချယ်ရာ စဝ်ရွှေသိုက်၊ ဒေါက်တာဘဦးနှင့် မန်းဝင်းမောင်တို့သည် နိုင်ငံတော်သမ္မတများဖြစ်ခဲ့ကြပြီး သမ္မတရာထူးသက်တမ်းမှာ ၅ နှစ်ဖြစ်ပေသည်။ နိုင်ငံတော်ဝန်ကြီးချုပ်ကို ပြည်သူ့လွှတ်တော်က ရွေးချယ်ပြီး သမ္မတကခန့်ရကာ ဦးနုသည် ၁၉၄၈ မှ ၁၉၅၈ အထိ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးနုအနားယူခဲ့သော ၁၉၅၆ ဇွန်မှ ၁၉၅၇ မတ်အထိကာလတွင် ဦးဗဆွေက ဆောင်ရွက်ခဲ့ပေသည်။
၁၉၅၈ ခုနှစ်တွင် နိုင်ငံရေးတင်းမာမှုများကြောင့် နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီးနေဝင်းထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရာ မြန်မာနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီခရီးမှာ ၁၀ နှစ်အနီးတွင် သင်းသတ်ခံခဲ့ရပေသည်။
ထို့နောက် ၂၀၁၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်သော ဒီမိုကရေစီလမ်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့ရာ စစ်အာဏာရှင်များ အာဏာဆက်လက်ချုပ်ကိုင်ရေးဟု အမြင်များဖြင့် ကန့်ကွက်မှုရှိခဲ့သော်လည်း USDP ပါတီ သမ္မတဦးသိန်းစိန်၏ အရည်အချင်းများကြောင့် နိုင်ငံ့အနေဖြင့် ဒီမိုကရေစီလမ်းမှန်ပေါ်သို့ ရောက်လုနီးဖြစ်ခဲ့သည့်အပြင် နိုင်ငံနှင့် ပြည်သူများ၏ ဆန္ဒအရပင် ရွေးကောက်ပွဲမှတစ်ဆင့်တက်လာခဲ့သော NLD အစိုးရက အာဏာဆက်လက်ရယူနိုင်ခဲ့သဖြင့် ဒုတိယအကြိမ် ဒီမိုကရေစီ ငါးနှစ်ခရီး ဖြောင့်ဖြူးခဲ့သော်ငြား ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မူ မဲမသမာမှုများပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရမှု၊ NLD ၏ ရွေးကောက်ပွဲကော်မရှင်က ရက်ပိုင်းအတွင်းထုတ်ပြန်သော မဲဆန္ဒရှင်စာရင်းများ သန်းနှင့်ချီ လွဲမှားမှု၊ ဒုတိယအကြိမ်လွှတ်တော်အား ဖျက်သိမ်းပြီး တတိယအကြိမ် လွှတ်တော်အား အမြန်ခေါ်ယူရန် ကြိုးပမ်းမှုများကြောင့် တပ်မတော်နှင့် ပဋိပက္ခဖြစ်ပွားရာမှ ၂၀၁၁-၂၀၂၁ ကာလတွင် အာဏာထိန်းသိမ်းခံရပြန်လေသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီး အဘယ့်ကြောင့် ဆယ်နှစ်နီးနီးသာ ခံကာ နောက်ပြန်လှည့်နေမှုများမှာ မည်သည့်အချက်ကြောင့်ဖြစ်သည်ကို သုံးသပ်သင့်ပေသည်။
ပထမအကြိမ် အာဏာသိမ်းစဉ်မှာလည်း အမတ်များ၏ တိုက်တွန်းချက်ဖြစ်သလို ဒုတိယအကြိမ် အာဏာထိန်းခြင်းမှာလည်း အမတ်နေရာအများစုအနိုင်ရယူကာ အစိုးရဖွဲ့နိုင်ရေးနှင့် လွှတ်တော်အတွင်း ဥပဒေပြုခွင့် လက်ဝါးကြီးအုပ်လိုခြင်းများက အရင်းခံမှု မိမိပါတီမှအပ မည်သူ့ကိုမျှ မနိုင်စေလိုသော အတ္တများကြောင့် ဖြစ်ခဲ့ရသည့် အခြေအနေကိုလည်း တွေ့မြင်ရမည်ဖြစ်ပေသည်။
ထိုသို့သော အခြေအနေများသည် နိုင်သူအကုန်ယူဆိုသည့် First Past The Post ဟူသော ရွေးကောက်ပွဲစနစ်ကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်နိုင်ပြီး ထိုသို့ အမတ်နေရာအများစုရကာ မိမိတို့ကသာ အစိုးရဖွဲ့ပြီး လက်ဝါးကြီးအုပ်ချင်သော ဒီမိုကရေစီအနိုင်ကျင့်ချင်သော အခြေအနေများ ဆက်ဖြစ်နေသရွေ့ အာဏာထိန်းမှု၊ သိမ်းမှုများလည်း အနာဂတ်တွင် ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ပေသည်။
ပါတီတစ်ခုတည်းက အစိုးရနှင့် လွှတ်တော်ကို ချုပ်ကိုင်ရာမှ နိုင်ငံရေးအမြင်မတူမှုများအပေါ် ဖိနှိပ်သည့် ဒီမိုကရေစီအာဏာရှင်အသွင်ဖြစ်လာခြင်းနှင့် ရွေးကောက်ပွဲမနိုင်မှာစိုးရိမ်သည့်အခြေအနေများကြောင့် မဲဆန္ဒနယ်ပြင်ဆင်သတ်မှတ်ခြင်း (Gerrymandering) များပြုလုပ်ကြရာမှ ပွတ်တိုက်မှုများပြင်းထန်လာကာ အဆုံးသတ်တွင် အာဏာသိမ်းခြင်း၊ ထိန်းခြင်းများသာ ကြုံရသည်မှာလည်း FPTP ၏ ဆိုးကျိုးများဖြစ်သည်ကို သမိုင်းများ၊ သုတေသနများတွင် လေ့လာနိုင်မည်ဖြစ်ပေသည်။
ထိုသို့ FPTP စနစ်ကြောင့် မြန်မာ့ဒီမိုကရေစီခရီးမှာ ၁၀ နှစ်သာ ခံကာ နောက်ပြန်ချည်း လှည့်နေရသည်ဆိုပါက အခြားသောနည်းစနစ်တစ်ခုပြောင်းလဲကျင့်သုံးရန်လိုအပ်ပြီး လက်ရှိအချိန်တွင် ကျင့်သုံးဖွယ်ရှိသည့် PR ရွေးကောက်ပွဲ စနစ်မှာလည်း FPTP ၏ ဆိုးကျိုးများကို ပြင်ဆင်နိုင်မှုရှိမရှိ သုတေသနများ ပြုလုပ်သင့်သလို အကြမ်းဖက်သမားများ၏ ရန်စွယ်ကြောင့် Closed List PR ၏ အကျိုးအပြစ်များ၊ Open List PR လုပ်ကိုင်မည်ဆိုပါက မည်သို့ ဖြစ်နိုင်သည်ဆိုသည်များကို စနစ်တကျလေ့လာသင့်ပေသည်။
မည်သို့ပင်ဆိုစေကာမူ MT News သတင်းဌာနသည် ၂၀၂၃ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို တိုက်တွန်းပြီး နိုင်ငံနှင့် ပြည်သူများ ယခုထက်ပို၍ အထိမနာစေရေးကိုသာ လိုလားပါသဖြင့် ယခုသုံးသပ်ချက်မှာလည်း နိုင်ငံရေးစိတ်ဝင်စားသူများ စေ့ငုသင့်သော အချက်တစ်ချက်အဖြစ်သာ Mt News သတင်းဌာနက တင်ပြခြင်းဖြစ်ပါကြောင်းနှင့် သုတေသနအားနည်းသော နိုင်ငံတွင် ထိုသို့သော သုတေသနများကိုသာ စဉ်ဆက်မပြတ်ပြုလုပ်နေပါက လက်ရှိကဲ့သို့ လူပုဂ္ဂိုလ်ကိုးကွယ်မှု အရင်းခံသော မျက်ကန်းတော်လှန်မှုများ ပျောက်ကွယ်သွားကာ ချင့်ချိန်စဉ်းစားတတ်သော နိုင်ငံရေးမျိုးဆက်များ ပေါ်ထွန်းခြင်းဖြင့် နိုင်ငံငြိမ်းချမ်းသင့်သော အချိန်အခါကျရောက်နေပြီဖြစ်ပါကြောင်းလည်း MT News သတင်းဌာနက မျှဝေလိုပါသည်။
Ref, Social Democracy, စိုင်းသီဟ(ဆေး-၁)