October 4, 2024

၁.၁၀. ၂၀၂၄
Written by Nay Moe

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က တရုတ်ကိုးကန့်လက်နက် ကိုင်အဖွဲ့ MNDAA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့ပြီးနောက်မှာ MNDAA အဓမ္မတိုက်ခိုက်သိမ်းယူထားတဲ့ လားရှိုးမြို့ကို စက်တင်ဘာ ၃၀ ရက်ညမှာ ၁၁ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခဲ့ပြီး လူ ၉ ဦးဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကနေ လက်ရှိအချိန်အထိ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ သိမ်းယူထားတဲ့ လားရှိုးမြို့ကို စစ်ပြီးသွားပြီလို့ MNDAA က ကြေညာပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေချိန်မှာပဲ စက်တင်ဘာ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်၊ ၁၃ ရက်၊ ၂၁ ရက်၊ ၂၄ ရက်၊ ၂၅ ရက်၊ ၂၇ ရက်၊ ၂၈ ရက်၊ စက်တင်ဘာ ၃၀ မနက်နဲ့ ညမှာပါ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

အရင်ရက်တွေက တိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအားလုံးဟာ MNDAA လက်နက်ကိုင်တွေ စခန်းချနေတဲ့ နိုင်ငံပိုင်အဆောက်အအုံတွေဖြစ်တဲ့ ကျောင်း၊ ထွေအုပ်ရုံး၊ အားကစားရုံနဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေဇိမ်ခံရာ ဟိုတယ်တွေဖြစ်ပြီး စက်တင်ဘာ ၂၇ ရက် တိုက်ခိုက်မှုကတော့ MNDAA က လားရှိုးကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ထားရေးမှာ အရေးပါတဲ့ အစားအစာကွင်းဆက်ဖြန့်ဖြူးရာမြို့မစျေးကိုဖြစ်ပြီး ချယ်ရီရုံပေါ်ကျရာမှာ မီးလောင်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၂၇ ရက် ဗုံးကြဲတိုက်ခိုက်မှုဟာ နံနက် ၃ နာရီခွဲဝန်းကျင်မှာ သုံးလုံးကြဲသွားတယ်လို့ သိရပြီး မြို့မစျေး၊ ချယ်ရီရုံအပြင် ရပ်ကွက် (၁) ၊ နယ်မြေ ၈ ကျောက်တောင်ဘက်မှာထိခိုက်တယ်လို့ လားရှိုးအခြေစိုက် FYV က ဖော်ပြထားသလို အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၂၈ ရက် ည ၈ နာရီ ၃၄ မိနစ်မှာ တိုက်ခိုက်မှုဟာလည်း မန်ဆူဟိုတယ်ဘေးက ကားဝပ်ရှော့ပေါ်ကျခဲ့တယ်လို့ သိရပြီး ပျက်စီးထိခိုက်မှု ကျပ်သိန်း ၁၀၀၀ ဖိုးခန့်ဆုံးရှုံးပြီး လူထိခိုက်မှုတော့မရှိပါဘူး။ စက်တင်ဘာ ၂၉ ရက်အကူး စက်တင်ဘာ ၃၀ မနက် ၁၂ ခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့တယ်လို့ ကိုးကန့်လက်နက်ကိုင်တွေထက် အမြဲသတင်းဦးတင်ပေးတဲ့ FYV အဖွဲ့က ပုံနဲ့တကွ ဖော်ပြထားပြီး ဒီတိုက်ခိုက်မှုမှာ လားရှိုး ရပ်ကွက် (၁၁)က ဂေါက်ကွင်းရှိရာ အောင်စေတနာလမ်းသွယ်ထိပ်က အဆောက်အအုံ ၂ ခုပေါ်ကျပြီး လူ တစ်ဦးထိခိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၃၀ ရက် ည ၉ နာရီ ၅၈ မိနစ်ကနေ ၁၀ နာရီ ၁၀ မိနစ်အတွင်း လားရှိုးမြို့နယ် မန်နားရွာကို ဗုံးလေးကြိမ်ကြဲချရာမှာ လူ ၉ ဦးဒဏ်ရာရပြီး ၃ ဦး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ MNDAA ဟာ လေကြောင်းတိုက်ခိုက်မှုအားလုံးကို ပြည်သူပဲထိခိုက်တယ်လို့ အမြဲတစေထုတ်ပြန်လေ့ရှိတာကြောင့် လက်ရှိ ထိခိုက်တယ်ဆိုသူတွေဟာ သာမန်ပြည်သူအမှန်အကန်ဟုတ်မဟုတ်နဲ့ MNDAA လိမ်လည်ထုတ်ပြန်မှု ဟုတ်မဟုတ် MT News က အတည်မပြုနိုင်ပါဘူး။

လားရှိုးမြို့ဟာ တရုတ်ကိုးကန့် MNDAA နဲ့ PDF တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) နဲ့ ဖော်ဆောင်လာတဲ့ မြို့သိမ်းတိုက်ပွဲနဲ့ လားရှိုးထောင် ဖောက်ထွင်းတိုက်ခိုက်မှုမှာ အနည်းဆုံး လူ ၅၀၀ လောက် သေကြေခဲ့ရသလို MNDAA ထိန်းချုပ်အပြီးမှာလည်း ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဗမာလူမျိုးပိုင်ပစ္စည်းဥစ္စာတွေ သိမ်းယူမှု၊ ဗမာလူမျိုးအဝင်မခံမှုတွေ ပြုလုပ်နေတဲ့ တိုက်ပွဲဖြစ်ဆဲမြို့လည်းဖြစ်တဲ့အပြင် ဒီလိုအကြမ်းဖက်ပြီး နယ်မြေလုနေတဲ့ MNDAA အဖွဲ့အစည်းလို နေရာမျိုးမှာ ဆက်နေရင် ပြည်သူတွေထိခိုက်နိုင်ခြေရှိလို့ ရှောင်ရှားဖို့လည်း သတိပေးခံထားရတဲ့ နယ်မြေဖြစ်တာကြောင့် ပြည်သူအများစုတိမ်းရှောင်သွားတဲ့စစ်ဖြစ်ပွားရာနယ်မြေဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *