October 4, 2024

၁.၁၀.၂၀၂၄
Written by Hey Mar

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ပုဇွန်တောင်ချောင်း၊ ကင်းပုံဆိပ်အနီး ပျက်စီးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းမျောနေတဲ့အတွက် ဒေသခံလူမှုကူညီရေးအသင်းတွေက သက်ဆိုင်ရာနဲ့ ပူးပေါင်းဆယ်ယူခဲ့ရတဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၃၀ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မျောပါလာတဲ့ အမျိုးသားအလောင်းနှစ်လောင်းအနက်တ‌စ်လောင်းမှာ လွန်ခဲ့တဲ့ ငါးရက်ခန့် စက်တင်ဘာ ၂၅ရက်နေ့ မနက်ပိုင်းက ပုဇွန်တောင်ကင်းပုံဆိပ် ဆိပ်ကမ်းမှာ အလုပ်လုပ်နေစဉ် ရေထဲပြုတ်ကျပျောက်ဆုံးခဲ့တဲ့ လုပ်သားတစ်ဦးဖြစ်ပြီး၊ သ‌င်္ဘောပေါ်ကနေ စက်တပ်သမ္ဗာန်ပေါ်ကို ခုန်ကူးစဉ် ပြုတ်ကျပျောက်ဆုံးခဲ့တဲ့ လှိုင်သာယာမြို့နယ်၊ ထန်းတပင်ကျေးရွာမှာနေထိုင်သူလို့ သိရပါတယ်။

ရုပ်အလောင်း သွားရောက်ဆယ်ယူရာမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက “အလောင်းနှစ်လောင်းမှာ တစ်လောင်းက အောက်ပိုင်း ပါမလာတော့ဘူး။ တစ်လောင်းကလည်း လက်တစ်ဖက်မပါဘူး။ ငါးစားထားတာပေါ့။ လက်တစ်ဖက် ပျက်စီးသွားတဲ့ အလောင်းကပိုင်ရှင်ပေါ်တယ်။ ဆိပ်ကမ်းလုပ်သား၊ ကျွန်တော်တို့ ရန်ကုန်ဆေးရုံကြီးကို PR -၀၂၂ နဲ့ ပို့လိုက်တယ်။ ရဲမှုခင်းကင်းရှင်းတာမို့ ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့မှာ သင်္ဂြိုလ်ခွင့်ရပါတယ်” လို့ MT News ကို ပြောပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းပါမလာဘဲ မျောနေတဲ့ အမျိုးသားအလောင်းကိုတော့ PR-၀၁၀ နဲ့ ရန်ကုန်ဆေးရုံကြီးက လက်ခံထားပြီး လက်ရှိအချိန်အထိတော့ ပိုင်ရှင်မဲ့ ရုပ်အလောင်း ဖြစ်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *