October 4, 2024

၁. ၁၀. ၂၀၂၄
Written by Hey Mar

သီတင်းကျွတ်ကာလ ရောက်ခါနီးတိုင်း ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာလမ်းမကြီးဘေးက ဘောဂရပ်ကွက်မှာ ရောင်စုံမီးပုံးလုပ်ငန်းတွေ ပြန်ပြီး အသက်ဝင် လှုပ်ရှားလာပါတယ်။ ရပ်ကွက်ထဲက အိမ်ရှင်မတွေနဲ့ သက်ကြီးပိုင်းတချို့အတွက် အိမ်တွင်းတစ်ပိုင်တစ်နိုင် အလုပ်အကိုင်အခွင့်အလမ်းတချို့ ဒီကာလရကြပါတယ်။

တစ်လဝန်းကျင်သာ လုပ်ကိုင်ရတဲ့ ခါတော်မီဝင်ငွေရ လုပ်ငန်းလေးပေမယ့် မိသားစုလိုက် ကလေးကအစ ဝင်ရောက်ကူညီတာမို့ လေးငါးသိန်းတော့ သီတင်းကျွတ်ပွဲလမ်းသဘင်အတွက် သုံးနိုင်ကြတာပါ။

ပုံမှန်ဆို တော်သလင်းလဆန်းချိန်လောက်ကနေ စတင်လုပ်ကိုင်ကြတဲ့ မြန်မာ့လက်မှုရောင်စုံမီးပုံးတွေက ဒီနှစ်မှာတော့ ရပ်ကွက်အတွင်းက တစ်နိုင်တစ်ပိုင် လုပ်ကိုင်ချင်သူတွေ ဒီအခွင့်အရေး မရကြ‌သေးပါဘူး။ စက်တင်ဘာလကုန်အထိ မပြတ်တဲ့ မိုးအခြေအနေကြောင့်ရယ်၊ နှစ်ဆမက မြင့်တက်လာတဲ့ ကုန်ကြမ်းဈေးနှုန်းတွေကြောင့်ပါ။ လုပ်ငန်းတွေ အရင်လို မကောင်းဘဲ စက်တင်ဘာ ၃၀ ရက်နေ့အချိန်အထိတော့ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာ ၊ ဘောဂရပ်ကွက်မှာ မီးပုံးလုပ်ငန်းလုပ်ကိုင်သူ နှစ်ဦးသာရှိ‌သေးတယ်လို့ လုပ်ငန်း လုပ်ကိုင်သူ တချို့ထံကနေ စုံစမ်းသိရပါတယ်။

ဒေါ်ခင်ရီ ရောင်စုံမီးပုံးလုပ်ငန်းမှ အကြည်က “အချိန်စောနေသေးလို့ပါ။ နီးလာရင်တော့ တချို့လည်း ခါတော်မှီ ဝင်လုပ်ကြပါတယ်။ ဒါပေမယ့် များများစားစား လုပ်တာတော့ အကြည်ရယ်၊ အကိုဖြူလေးတို့ရယ်ပဲ ရှိတော့တယ်။ နှစ်ဦးသားတိုင်ပင်ပြီး ဟိုတယ်တွေ၊ စင်တာတွေ၊ စားသောက်ဆိုင်တွေကမှာတဲ့ အော်ဒါတွေအတိုင်း အရုပ်ချိုးကြတာပေါ့။ ဒီနှစ် ပါးတယ်ဆိုပေမယ့် အကြည်တော့ ပုံမှန်လုပ်ရသေးတယ်။ တချို့ နားကြလို့လည်း အကြည့်ဆီ ပုံမှန်အတိုင်း ကျန်နေတာ ဖြစ်နိုင်ပါတယ်” လို့ MT News ကို ပြောပါတယ်။

ရောင်စုံမီးပုံးလုပ်ငန်းက ရာသီချိန်လုပ်ငန်းမို့ အလုပ်သမား ထိန်းဖို့လည်း ခက်တယ်လို့ သိရပါတယ်။ ဒါကြောင့် အလှစက္ကူ ကပ်တာကလွဲရင် အရုပ်ချိုးဖို့အတွက် နှီးဖျာတာ၊ အရုပ်ကွက်ဖော်တာတွေမှာ ကျွမ်းကျင်လုပ်သားလည်း ရှားလာပါတယ်။ အဲဒီအခါ ကျွမ်းကျင်လုပ်သားထိန်းဖို့အတွက် နိဗ္ဗာန်ကုန်နဲ့ ဆိုင်တဲ့ အခြားလုပ်ငန်းတွေ လုပ်ကိုင်ရင်း ထိန်းထားကြရတယ်လို့လည်း လုပ်ငန်းရှင်တချို့က ရှင်းပြပါတယ်။ ဒါကြောင့်လည်း လုပ်သားမထိန်းနိုင်တဲ့ အလုပ်ရုံက ရာသီချိန်မှာ မလည်ပတ်နိုင်လို့ မလုပ်ကိုင်ကြတာမျိုးနဲ့ လုပ်ကိုင်သူလည်း နည်းပါးလာတာပါ။

ရောင်စုံမီးပုံး လက်ချိုးရုပ်ပညာရှင် ဦးဖြူလေးက ဦးလေးတို့က အလုပ်သမားမလိုဘူး။ မိသားစုလိုက် လုပ်ကြတာ။ ဦးလေးသားသမီးတွေအကုန် ဒီပညာရပ်တတ်တယ်။ အသေးကနေ ခြောက်ပေ ခုနစ်ပေအထိ အရုပ်ချိုးနိုင်ကြတယ်။ ဒီနှစ်ကတော့ အခုရက်ပိုင်းအထိ အော်ဒါနည်းနေသေးတယ်။ အခုရေ နှစ်ရာတောင်မပြည့်သေးဘူး။ ဝါးဈေးကလည်း နှစ်ဆကျော်တက်တယ်။ အရင်က ဝါးတစ်လုံး နှစ်ထောင် ၊ အခု ငါးထောင်၊ စက္ကူတိပ်တွေရော အကုန်ဈေးတက်တယ်။ မနှစ်ကဆို ဒီအချိန် စင်တာ (center)လေးငါးခြောက်ခုက အော်ဒါနဲ့တင် လက်မလည်ဘူး” လို့ သူ့အခြေအနေကို ပြောပြပါတယ်။

မြန်မာမှုကိုမြတ်နိုးကြလို့ ရာသီချိန်ရောက်တိုင်း မြန်မာလက်မှုမီးပုံးတွေနဲ့ အလှဆင်ကြတဲ့ လုပ်ငန်းရှင်တွေရဲ့ အော်ဒါ အပ်နှံမှုတွေကလွဲရင် အရင်လို ဆိုင်ပေါ်တင်ရောင်းချဖို့ အော်ဒါဝယ်ယူမှုတွေကတော့ သိသိသာသာ ကျဆင်းနေပြီလို့လည်း သိရပါတယ်။ ကလေးကစားစရာ လက်တွန်းအရုပ်တွေ နေရာ တရုတ်ကလာတဲ့ ကော်မိုလောင်း ဓာတ်ခဲထည့်ပြီး မီးလင်းစေတဲ့ သံစုံထွက် လက်တွန်းရုပ်တွေ နေရာယူလာတယ်။ ဈေးနှုန်းမကွာလှဘဲ အရောင်အသွေးစုံအရုပ်တွေကို မြန်မာ့ရိုးရာ မီးထွန်းလက်တွန်းရုပ်လေးအစား ရွေးချယ်လာကြတာမျိုးလို့ ဒေါ်ခင်ရီ ရောင်စုံမီးပုံလုပ်ငန်းရှင်က ဆိုပါတယ်။

“အရင်နှစ်တွေကဆို တရုတ်မီးပုံးတွေနဲ့ ဈေးကွက်ယှဉ်ရတယ်။ လက်မှုပညာနဲ့ ရိုးရာယဥ်ကျေးမှုကိုထိန်းချင်၊ ပြချင်ကြလို့သာ အကြည့်တို့ ရောင်စုံမီးပုံးတွေကို လုပ်ငန်းရှင်တွေ၊ နိုင်ငံခြားသားနဲ့ ဆက်စပ် လုပ်ငန်းတွေက ရွေးချယ်ကြတာ။ ဈေးကွက်က တရုတ်ကသာတယ်။ ဒီနှစ်က လမ်းပန်းလည်းခက်ခဲတော့ သွင်းရခက်နေတာကြောင့် မြန်မာ့လက်မှုမီးပုံးတွေ ဈေးကွက်ရပေမယ့် မိုးက ဖျက်တယ်။ မီးပုံးကနေသာမှ ဝယ်ကြတာ”လို့ လုပ်ငန်းအခြေအနေကိုရှင်းပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *