October 4, 2024

၃၀.၉. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်သော သက်ရောက်မှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂိုင်ပွန်ဆာက ၇၉ ကြိမ်မြောက်ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးအတွင်း မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်းမြေနယ်စပ်ချင်းထိစပ်နေသည့် နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏ သက် ရောက်မှုများကို တိုက်ရိုက် ရင်ဆိုင်နေရကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာ ဝပြောသောနိုင်ငံအဖြစ် တွေ့မြင်လိုကြောင်း၊ မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီးအဖြေရှာရာတွင် မြန်မာနိုင်ငံ ဦးဆောင်ပြီး မြန်မာနိုင်ငံကိုယ်တိုင် ကိုယ်ပိုင်ဖြစ်ရမည့် နိုင်ငံရေးအဖြေမျိုး ရှာရမည်ဖြစ်ရာ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး စေ့စပ်ဆွေးနွေးရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံသဘောတူညီချက်ငါးချက်ကို တွန်းအားပေးဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံရှိ မတူညီသောအဖွဲ့စည်းများကြား တွေ့ဆုံဆွေးနွေးမှုများဖြစ်လာစေရန် အာဆီယံအဖွဲ့အပြင်နိုင်ငံတကာအဖွဲ့များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် အာဆီယံ၏လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ (AHA-Centre) အပြင် ကုလသမဂ္ဂအဖွဲ့အစည်းများအပါအဝင် မတူညီသော လမ်းကြောင်းအမျိုးမျိုးမှ မြန်မာပြည်သူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပိုပိုကူညီပေးနိုင်ရန် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာဝပြောသောနိုင်ငံဖြစ်လာစေရန် ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်း နိုင်ငံခြား ရေးဝန်ကြီးက ပြောသည်။

REF, thailand foreign ministry

Leave a Reply

Your email address will not be published. Required fields are marked *